လေလွင့်သူတစ်ယောက်၏ လွမ်းဆွတ်မှု
Thursday, April 3, 2008
ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက်၊ တောင်မှမြောက်သို့
ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ်
အသက်ကြီးလာသလို အကြားအမြင်။ ဗဟုသုတတွေလည်း တိုးလာခဲ့သည်၊
ကမ္ဘာ့ရွာ တဖြည်းဖြည်းကျဉ်းလာသည်၊ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့
အိုစာသွားခဲ့သည်၊
လွန်ခဲ့သောနှစ်(၂၀)က မွေးရပ်မြေရထားဘူတာမှအစပြုလို့ ကမ္ဘာကြီးကို
စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်၊ နှစ်ပေါင်း(၂၀)အတွင်း ပီကင်းမှရှန်ဟိုင်း။
ကွမ်တုန်မှဟောင်ကောင်။ နယူးယောက်ခ်မှဝါရှင်တန်။ တောင်အမေရိကားမှ တောင်
အာဖရိကအထိ။ ထိုမှတစ်ဆင့် လန်ဒန်မှဆစ်ဒနီသို့ အလုပ်လုပ်ရင်း၊ လှည့်လည်ရင်း
ကျွန်တော်ရောက်ခဲ့ဖူးသောနိုင်ငံများ(၂၀)ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း
စိတ်သစ်၊ လူသစ်၊ ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။
သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှမပြောင်းလဲနိုင်ခဲ့၊
ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။
ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့
ကျွန်တော့်အတွက် အင်အားပိုဖြစ်စေခဲ့သည်။ အမေ့အသံမှာ တစ်နှစ်ထက်တစ်နှစ်
ပိုမိုအိုစာသွားခဲ့သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကိုဂရုစိုက်ဖို့၊ အမေ့ကို
စိတ်မပူဖို့၊ နေရာတကာသတိဖြင့်သွားလာဖို့၊ ခွင့်ယူပြီးပြန်မလာဖို့၊ ပြန်လာရင်
ငွေကုန်ကြေးကျများပြီး အလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်း ထပ်တလဲလဲပြောသည်။
ကျွန်တော် စိတ်မကောင်းဖြစ်မိသည်၊ အမေ ကျွန်တော့်ကိုလွမ်းနေပြီ၊ တွေ့ချင်နေပြီ
ဆိုတာ ကျွန်တော်သိလိုက်ပါသည်။
အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ။ စိတ်ထဲက
အစီအစဉ်တွေကိုဖျက်ပြီး၊ အမေ့ဆီတစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ထိုတစ်လအတွင်း ဘာမှမလုပ်၊ ဘာမှမတွေးဘဲ အမေ့အနားတွင်နေမည်။ ကျွန်တော်
ပြန်လာခဲ့မည့်အကြောင်း အမေ့ကိုဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင်
အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သောအစား
အစာများကိုမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊
ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေပြင်ဆင်ရင်း အမေအလုပ်
တွေရှုပ်နေခဲ့သည်ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေ
ပြီဖြစ်သော အမေ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ၊ ကျွန်တော်ပြန်လာဖို့
အတွက်ပြင်ဆင်ရင်း မောဖို၏မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
အမေနှင့်တွေ့သည့်အခါ အမေ့ကိုပြေးပြီးဖက်လိုက်မည်ဟူသောစိတ်ကူးနှင့်
လေယာဉ်ပေါ်တွင် ကြည်နူးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါတွင်
ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသောအမေသည် သစ်ခြောက်ပင်
အိုနှင့် တူနေသည်၊၊ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်
ပုံရိပ်နှင့်မတူတော့။ အမေ တော်တော်အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သောဟင်းများကို အမေ စတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့
ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်းဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကိုခြုံအိပ်ရတဲ့အကျင့် ကျွန်တော့်မှာမရှိတော့။ ဂွမ်းစောင်အစား သိုးမွေးစောင်နုနုလေးပဲသုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။ အိမ်ပြန်ရောက်စနှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနဲ့ စကားကောင်းကောင်းမပြောဖြစ်ခဲ့၊ ပြောဖြစ်ပြန်တော့လည်းလူ့ဖြစ်အင်များ၊လူ့ဘ၀အကြောင်းများကိုထပ်တလဲလဲပြောနေ
တော့သည်။ထိုအကြောင်းများသည်လွန်ခဲ့သော(၁၀)နှစ်ခန့်ကအမေအပ်ကြောင်းထပ
်အောင်ပြောခဲ့သော စကားများဖြစ်သည်။
ထိုအကြောင်းအရာဖြင့် ကျွန်တော့် ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့
သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာပြီး ထိုအကြောင်းအရာများသည်
ခေတ်နောက်ကျနေပြီဖြစ်ကြောင်းပြောမိလျှင် အမေသည် တွေတွေလေးဖြင့်၊
တစ်နေရာရာကိုငေးကြည့်နေတတ်သည်။ မျက်စိတွေမှုန်ဝါးလာပြီဖြစ်သောကြောင့်
အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကိုဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိ
လာသည်။ အမေချက်သောဟင်းထဲတွင် တစ်ခါတစ်ရံပိုးကောင်များ၊ ယင်ကောင်
များ ပါလာတတ်သလို၊ ထမင်းဟင်းများကြမ်းပြင်ပေါ်သို့ကျရင်လည်း ပြန်ကောက်
ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့်မတူတော့။ အိမ်တွင်မချက်
စားဘဲ ဆိုင်မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊
ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းပြောသည်။ ထမင်းချက်အဖော်တစ်ယောက်
ရှာထားခဲ့မည်ဟုပြောပြန်ရင်လည်း အမေသည် ‘ငါလှုပ်ရှားနိုင်သေးတယ်၊ ငါမအို
သေး’ ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားရင် အမေလည်း
လိုက်ချင်သည်။ နောက်ဆုံးတွင် အမေ့ခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။
အကြောင်းအရာတစ်ခုခုဆွေးနွေးမိပြန်ရင်လည်း ကျွန်တော့်အယူအဆများ
သည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာ
ရာတိုင်းသည် ခေတ်နှင့်အညီတိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော်အားမနာ
စွာ အမေ့ကိုပြောဖြစ်ခဲ့သည်။ နောက်ပိုင်း အမေနှင့်ပြောဖြစ်သောစကားတိုင်းတွင်
ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး၊ စကားလမ်းကြောင်းလွှဲခြင်းများကို
လုပ်လာမိသည်။ ကျွန်တော်စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်
ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများပြုလုပ်မိသောအခါ အမေသည် ပြောလက်စ
စကားကိုရပ်ပြီး၊ တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။
ခွင့်တစ်လပြည့ှ်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ခုတင်အောက်မှာ
သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများသိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို
ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပ
ရောက်စဉ် ကျွန်တော်ရောက်ခဲ့ဖူးသမျှနိုင်ငံများတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများ
ပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်း
ထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွား
စေလိုသည်။
မျက်မှန်ထူကိုတပ်ပြီး စာဖတ်တိုင်းအားစိုက်ရတဲ့အမေ၊ သတင်းစာတစ်မျက်နှာ
ချင်းကိုကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲညှပ်ခဲ့သည်ဆိုတာကို
ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်
ယူမသွားချင်ပေ။ ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်း
လေးတစ်ခု လွင့်ကျသွားသည်။ ကျွန်တော့်ထက်ဦးအောင် အမေကကောက်ယူလိုက်
ပြီး၊ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ ဘာဖြတ်ပိုင်းလေးလဲမေမေ ကျွန်တော့်
ကိုပြပါလား။ အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ထွက်သွား
သည်၊ ကျွန်တော်ချက်ချင်းဖတ်ကြည့်လိုက်မိသည်၊ ငါအိုသွားသောအခါဟု
ခေါင်းစဉ်တပ်ထားသော ဆောင်းပါးလေးတစ်ပုဒ်ဖြစ်သည်၊ ဆောင်းပါးလေးမှာ
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်း၊ ဟင်းတွေ
အင်္ကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့၊
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။ အပ်
ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်
တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ၊
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းက
ချော့တစ်လှည့်ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့။
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာကို
သတိရပေးပါ။ စိတ်သွားတိုင်းကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက
တစ်လှမ်းချင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီးသတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့၊ နောက်မညီဘဲ အကြောင်းအရာတွေကို
ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေငါပြောသမျှကို နားထောင်ပေးရင်
ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။ နားလည်
ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့
အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့
မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင်ထိန်းထားရင်း မနားတမ်းဆုံးအောင်ဖတ်လိုက်မိသည်၊ ကျွန်တော့်သေတ္တာထဲက အကောင်းဆုံးအ၀တ်တစ်စုံကိုထားခဲ့ပြီး၊ ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများကကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသောဖြတ်ပိုင်းလေး
မှာ ကျွန်တော်ဘယ်နေရာရောက်ရောက် ကျွန်တော့်အပါးက အမြဲမခွာတော့။ယခုထက်ထိ ထိုမှန်ပေါင်သွင်းထားသောဖြတ်ပိုင်းလေးမှာကျွန်တော့်စာကြည့်စားပွပေါ်တွင် ရှိနေသည်။ ကျွန်တော်နဲ့ဘ၀တူ အမိမြေကိုခွဲပြီး အမေနဲ့ဝေးနေသူများအတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်၊ အမြဲဖုန်းမဆက်နိုင်သော်လည်းအခါကြီး၊ ရက်ကြီးများတွင် အမေ့ထံဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သောဟင်းများကို စားချင်ကြောင်း . . . ။