ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

လူရွှင်တော်

Wednesday, September 17, 2008

သူ့နာမည်က ကိုချွန်တွန်း။ လူတွေ အားလုံးက သူ့နာမည်ရင်းကို မသိတော့ပဲ nick name ပဲ သိကြတယ်။ သူ့အလုပ်အကိုင်က ဇာတ်ပွဲ ကပွဲတွေ မှာ လူရွှင်တော်လိုက်လုပ်တယ်။ ချွန်တွန်းဆိုတာ သူ့ရဲ့ လူရွှင်တော် နာမည်လို့ ပြောရင်လည်း မမှားဘူးပေါ့။ မြို့လေးမှာ ရှားရှားပါးပါး လူရွှင်တော် ဆိုလို့ ကိုချွန်တွန်းတစ်ယောက်ပဲ ရှိလို့ သူ့ကို လူတွေအားလုံးက ချစ်ကြတယ်။ သူကလည်း လူရွှင်တော်ပီသစွာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့ အခါတိုင်း ဟာသလေးတွေ နှောနှောပြီး ပြောတတ်တော့ ကိုချွန်တွန်းပါတဲ့ စကားဝိုင်းတိုင်းက တဝါးဝါး တဟားဟားနဲ့ ပျော်စရာလေးတွေ ဖြစ်နေတော့တာပေါ့။

ကိုချွန်တွန်းက လူပျိုတစ်ယောက် မဟုတ်ဘူး။ သူ့မှာ သားတစ်ယောက်ရှိတယ်။ ဇနီးလုပ်တဲ့ သူက မီးတွင်းထဲမှာပဲ ဆုံးသွားတော့ သူ့သားအတွက် သူကပဲ အမေ၊ သူကပဲ အဖေပေါ့။ လူရွှင်တော်ဆိုတော့ မြို့မှာ သိပ်နေရတယ် မရှိဘူး။ ဇာတ်ပွဲရှိတဲ့ မြို့ရွာတွေကိုလိုက်ပြီးကပြဖျော်ဖြေရတယ်။သားဖြစ်သူ လူမမယ် အရွယ်တုန်းကတော့ သူ့သားလေးကို ပြစ်ပြီး မသွားရက်တော့ မြို့ထဲမှာပဲ ရတဲ့ အလုပ်တွေကို ကြုံရာ ကျပန်းလုပ်ပြီး သားအဖနှစ်ယောက်အတွက် ဝမ်းစာရှာခဲ့ရတယ်။ သူ့သား ကြီးလာမှသာ သားဖြစ်သူကို အိမ်နီးနားချင်းတွေ ဆီမှာ အပ်ထားခဲ့ပြီး လူရွှင်တော် အလုပ်ကို တစ်ကျော့ပြန်လုပ်ခဲ့ရတယ်။

ကိုချွန်တွန်းက အတန်းပညာ မတတ်ခဲ့ပါဘူး။ ပညာမတတ်လို့ ဥစ္စာရှိလားဆိုတော့လည်း သားအဖနှစ်ယောက်နေဖို့အတွက် အိမ်လေး တစ်လုံးက လွဲပြီး ဘာမှ မရှိဘူး။ ဒါပေမဲ့ ကိုချွန်တွန်း စိတ်မညစ်သလို၊ ဝမ်းလည်းမနည်းခဲ့ဘူး။ သူ့မှာ ဘယ်သူနဲ့မှ မတူတဲ့ ဟာသ ဥာဏ်ရှိတယ်။ အခုလည်း သူ့ရဲ့မွေးရာပါ ပညာရပ်နဲ့ပဲ သူ့သားလေးကို ဆယ်တန်းအောင်,အောင်သင်ပေးနိုင်ခဲ့တယ်လေ။ကိုချွန်တွန်းက လူရွှင်တော် တစ်ယောက်ပီသစွာ လူများတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သလို၊သူကိုယ်တိုင်လည်းပျော်ပျော်နေတတ်တယ်။ ဘာကို မှ ဆုပ်ကိုင်မထားသလို၊ဘာမှလည်းမျှော်ကိုးမထားခဲ့ဘူး။အဲဒါတွေအားလုံးဟာ သူ့သားလေး မမွေးခင်ထိလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ဘာဖြစ်လို့လည်းဆိုတော့သူ့သားလေး ရလာပြီး ကတည်းက သူ့မှာ မျှော်လင့်ချက်ဆိုတာ ရှိလာခဲ့တယ်။ ရည်မှန်းချက်ဆိုတာပီပြင်လာခဲ့တယ်။ အဲဒါ သူ့သာကို အတန်းပညာတွေ တတ်တဲ့ ပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် လုပ်ပေးဖို့ပဲ။

ဒါပေမဲ့... သူ့သားကတော့ ကိုချွန်တွန်း လူရွှင်တော် အလုပ်လုပ်တဲ့အတွက် ဂုဏ်မယူခဲ့သလို၊သဘောလည်း မကျခဲ့ဘူး။ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေတဲ့ သူ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ ကြားမှာ ကိုယ့်အဖေက လူရွှင်တော်ပါလို့ ပြောရမှာကို သိမ်ငယ်တယ်လို့လည်း ခံစားရတယ်။

တက္ကသိုလ်ကျောင်းသား တစ်ယောက်အတွက် ကုန်ကြစရိတ်တွေ များလာတာနဲ့ အမျှ ကိုချွန်တွန်းရဲ့လူရွှင်တော် ကပြလို့ ရတဲ့ ဝင်ငွေလေးက မလောက်မင ဖြစ်လာခဲ့တယ်။ လူရွှင်တော် ဘဝဆိုတာလည်း ၁၂ရာသီလုံး ကပြဖျော်ဖြေနေရတာ မဟုတ်တော့ အားတဲ့ရက်တွေမှာ ကိုချွန်တွန်း ကြုံရာ ကျပန်းအလုပ် လုပ်ခဲ့တယ်။ သူ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ ပေါများတဲ့အတွက် အလုပ်ပေးမယ့် သူတွေ များတော့ အဆင်ပြေပါတယ်။ တစ်ခါတစ်လေ အရမ်းခင်တဲ့ မိတ်ဆွေတွေက သူတစ်ယောက်တည်း အလုပ်တွေလုပ်တာနဲ့ စာရင်၊သားအဖနှစ်ယောက် လုပ်မယ်ဆို ပိုပြီး အသက်ရှုချောင်တာပေါ့။သားလည်း အရွယ်ရောက်နေပြီပဲ။ ပေါ့ပေါ့ပါးပါး အလုပ်လေးတွေလုပ်ခိုင်းပါလားလို့ အကြံပေးမိရင်ကိုချွန်တွန်း ဘာပြန်ပြောသလဲဆိုတော့ "ကျုပ်သားက ပညာတတ်လေဗျာ. ခင်ဗျားတို့ ပြောတဲ့ ပေါ့ပေါ့ပါးပါး အလုပ်ဆိုတာလည်း သူများခိုင်းတာ လုပ်ပေးရတာပဲမလားဗျ။ ကျုပ်သားကသူများခိုင်းတာကိုလုပ်ဖို့အတွက် မဟုတ်ဘူး။ သူများတွေကို ဟောဒီလို ဟောဒီလို လက်ညှိုးထိုးပြီး ခိုင်းရမယ်သူဗျ.ဟဲ..ဟဲ""ပြီးတော့ဗျာ...လူရွှင်တော် တစ်ယောက်ဘဝမှာ မလုပ်တတ်တာမရှိသလို၊ မလုပ်နိုင်တာလည်း မရှိပါဘူး။ ကျုပ်သားတစ်ယောက် ပညာတတ်ဖြစ်ဖို့အတွက်တော့ ကျုပ်ကြိုးစားပေးနိုင်ပါတယ်"

လူတွေအားလုံး ကိုချွန်တွန်းရဲ့ မိဘ မေတ္တာကို နားလည်ပေးနိုင်ကြပေမဲ့ ၊ သူ့သားကိုတော့ နားလည်မပေးနိုင်ခဲ့ကြဘူး။ အခုဆိုရင် ကိုချွန်တွန်း အသက်က ၄၀ကျော်လို့ ၅၀နားကပ်နေပြီ။ ကိုချွန်တွန်းကလုပ်နိုင်ပါတယ် ဆိုပေမဲ့ ဇရာအရတော့ ပင်ပန်းလာတာ အမှန်ပဲလေ။ ဒါကို တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့ သူ့သားအတွက် မသိစရာ အကြောင်းမရှိပါဘူး။ သိသိကြီးနဲ့ ဥပေက္ခာ ပြုထားခြင်းပဲလား။

ကံကြမ္မာဆိုတာကလည်း အခက်သား။ ကံဆိုးမ သွားရာ ၊ မိုးက လိုက်ရွာတတ်သလို၊ အခုလည်း ကိုချွန်တွန်း အပေါ် ကျရောက်လာတယ်။ အဲနေ့က သားလုပ်သူ ကျောင်းပိတ်တုန်း အိမ်ပြန်လာပြီး သူငယ်ချင်းတွေ ဆီ အလည်သွားရင်း၊ သောက်ကြစားကြနဲ့ ညမိုးချုပ်တဲ့အထိ ပြန်မလာတော့ ကိုချွန်တွန်း မှာ သားပြန်အလာကို စောင့်မယ်ဆိုပြီး အိမ်အပြင်ဘက်က တန်းလျားလေးပေါ်မှာ အိပ်ရင်းစောင့်နေလိုက်တာ မနက်မိုးလင်းတော့ သူ့ခန္ဓာကိုယ် ညာဘက်အခြမ်းက လှုပ်လို့မရတော့ဘူး။ ကိုချွန်းတွန်း လေဖြတ်သွားတယ်။ ( အဲနေ့က သူ့စောင့်နေတဲ့ သားကတော့ သူငယ်ချင်းတွေ အိမ်မှာမူးပြီး အိပ်ပျော်နေခဲ့တယ် )

နီးစပ်ရာ ဆေးမြီးတိုတွေနဲ့ ကုပေမယ့်လည်း ဖြစ်ချိန်တန်လို့ ဖြစ်လာရတဲ့ ကိုချွန်တွန်းရဲ့ ရောဂါက ပျောက်မသွားခဲ့ဘူး။ ဖြစ်ခါစကလို အဆိုးကြီး မဟုတ်တော့ပဲ.. လမ်းလျှောက်လို့ရတယ် ဆိုပေမဲ့ညာဘက်ခြေထောက် တစ်ဘက်ကတော့ လမ်းလျှောက်ရင် တရွတ်တိုက် ဆွဲနေသလို၊ ညာဘက်လက်ကလည်း ဘေးမှာ တွဲလောင်း တွဲလောင်း ကျနေတယ်။

ကိုချွန်တွန်း ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ အသက်ရှင်နေသေး သရွေ့ သူ့သားကို ပညာတတ်အောင် သင်ပေးမယ်။ သူ့သား ကျောင်းပြီးဖို့ကလည်း တစ်နှစ်ပဲ ကျန်တော့တယ်လေ။ဘာဖြစ်လို့ သားကို ကျောင်းပြီးအောင် မထားနိုင်ရမှာလဲဆိုတဲ့ ဆုံးဖြတ်ချက်က ကိုချွန်တွန်းအတွက် အင်အားတွေ ဖြစ်စေခဲ့တယ်။ မနက်ကျ သားစိတ်နဲ့ တက်ကြွနေတဲ့ ကိုချွန်တွန်း တစ်ယောက် အရင်ကထက် ပိုပြီး လမ်းလျှောက်နိုင်ခဲ့တယ်။ စကားပြောရင်တော့ ဝူးဝါး ဝူးဝါးနဲ့ သိပ်မသဲကွဲဘူး။

နောက်ဆုံးနှစ်ကျောင်းသားကြီးကတော့ လေဖြတ်နေတဲ့ အဖေ့ ဝေယျဝစ္စတွေ လုပ်ပေးရမှာ ရှက်တဲ့စိတ်နဲ့ ကျောင်းဖွင့်ရင် စာတွေက ခက်တော့မှာမို့ ကြိုပြီး လေ့လာထားရမယ်ဆိုပြီး ကျောင်းကို ပြန်သွားခဲ့တယ်။ ကိုချွန်တွန်း...နားလည်ခဲ့ပါတယ်။ဒါပေမဲ့...သူကအဖေပဲလေ...ဘာပဲဖြစ်ဖြစ်မိဘဝတ္တရား

ကျေရမှာပေါ့။

နောက် မကြာခင်ရက်ပိုင်းအတွင်းမှာပဲ လူရွှင်တော် မလုပ်နိုင်တော့တဲ့ ကိုချွန်တွန်းကို ဘောလုံးကွင်း၊သဘောင်္ဆိပ်၊ရုပ်ရှင်ရုံနဲ့လူစည်ကားရာ နေရာတွေမှာ ကွမ်းယာဗန်းလေးကို လည်ပင်းမှာ ချိတ်ပြီးလိုက်လံ ရောင်းနေတာ တွေ့ခဲ့ရတယ်။

အရင်ကလို သွက်သွက်လက်လက် မလုပ်နိုင်တော့ပေမဲ့ ၊ မပျက်စီးသေးတဲ့ သူ့ခန္ဓာကိုယ် တစ်ပိုင်းကတော့ သားအတွက် တက်ကြွနေတုန်းပါပဲ။ ဝူးဝူး ဝါးဝါး အသံနဲ့တွဲလောင်းကျနေတဲ့ ညာဘက် လက်တစ်ဘက်က သူ့အတွက် ကပြဖျော်ဖြေစရာ ပစ္စည်းတွေများလား။

အရင် လူကောင်းပကတိ ဘဝမှာတောင် သားအတွက် ပိုက်ဆံကို အလုပ်မျိုးစုံလုပ်ပြီး ရှာခဲ့ရတာ။ အခုလို လူရွှင်တော်လည်း မလုပ်နိုင် ကျပန်းအလုပ်ကျလည်း အလုပ်မရွေးမလုပ်နိုင်တော့တဲ့ ကိုချွန်တွန်းအတွက် အရင်ကထက်ပိုပြီး ကြိုးစားခဲ့ရတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ ကွမ်းယာဗန်းလေး လည်ပင်းမှာ ဆွဲပြီး ထွက်၊ မြို့အနှံ့ (ကြိတ်ဝိုင်းတွေ ပါမကျန်) လိုက်လံရောင်းချပြီး။ ညကျတော့ ရုပ်ရှင်ရုံနဲ့ဗွီဒီယိုရုံတွေက သူ့အတွက် ပြောင်ူးးဖုတ်၊မြေပဲလှော် တို့ ရောင်းစရာနေရာတွေပေါ့။

ရွာက လူတွေကတော့ ကိုချွန်တွန်းရဲ့ မိဘမေတ္တာကို လေးစားသလို၊ ပင်ပန်းကြီးစွာ ပိုက်ဆံရှာနေရတဲ့ သူ့ကို သနားတဲ့အတွက် သူရောင်းသမျှတွေကို မစားချင်တာတောင် ဝယ်စားပေးခဲ့ကြတယ်။ပိုက်ဆံကို လုပ်နိုင်သလောက် ရှာ၊ ရှာနိုင်သမျှ စုနေတဲ့ ကိုချွန်တွန်းရဲ့ စားဝတ်နေရေးကလည်း အိမ်နီးနားချင်းတွေ တစ်ခါတစ်ရံပေးတတ်တဲ့ ထမင်းကြမ်းလေး တစ်ခဲ၊ဟင်းလေးတစ်ခွက်နဲ့ ပြီးခဲ့ရတဲ့ နေ့တွေ ရှိသလို၊ အပြင်မှာပဲ မုန့်လေးပဲလေး ဝယ်စားပြီး တင်းတိမ်ခဲ့ရတဲ့ နေ့တွေလေး မရေတွက်နိုင်ခဲ့ဘူး။ ဘေးလူတွေကတော့ ကိုချွန်တွန်း အတွက် တက်တစ်ခေါက်ခေါက်၊ အံတစ်ကြိတ်ကြိတ် ဖြစ်နေပေမဲ့ ကာယကံရှင် ကိုချွန်တွန်းကတော့ မကြာခင်မှာ ဘွဲ့ဝတ်စုံကြီးဝတ်ပြီး ပညာတတ်ကြီး ဖြစ်လာတော့မယ့် သူ့သားရဲ့ ရုပ်ပုံလွှာကို မြင်ယောင်ရင်း တက်ကြွနေခဲ့တယ်။

ဒါပေမဲ့ ကိုချွန်တွန်းတစ်ယောက် ဘွဲ့ဝတ်စုံကြီး ဝတ်ပြီး၊ ပညာတတ်ကြီး ဖြစ်သွားတဲ့ သူ့သားကို တွေ့ခွင့်မရလိုက်ရှာဘူး။ ပူပြင်းလှတဲ့ အညာနွေရဲ့ နေ့လယ်ခင်းတစ်ခုမှာ ကိုချွန်တွန်းကို လမ်းပေါ်မှာ လဲကျနေတာ တွေ့ခဲ့ရတယ်။ သူ့ဘေးမှာလည်း ကွမ်းယာဗန်းလေးထဲက အရာတွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတယ်။ကိုချွန်တွန်း ဦးနှောက်သွေးကြော ပြတ်သွားတာတဲ့။

အသက်နဲ့ရင်းပြီး သားကို ပညာတတ်ကြီး ဖြစ်အောင် သင်ပေးနိုင်ခဲ့တဲ့အတွက်တော့ ကိုချွန်တွန်း ကျေနပ်ခဲ့မယ် ထင်ပါတယ်။ ဖခင်တစ်ယောက်ရဲ့ အသက်နဲ့ ရင်းပြီး ရယူခဲ့ရတဲ့ ပညာအမွေကရော သားဖြစ်သူအတွက် တန်ခဲ့ရဲ့လား။


AddThis Social Bookmark Button


စုန်ရေ ဆန်ရေ

Tuesday, September 16, 2008

"အဖေကြီးရေ...ဒီမှာ သားသား အက်အက်တွေ ပါချလို့ အနှီးအသစ်လဲရအောင် ယူခဲ့ပေးပါတော်"
ရင်ခွင်ထဲမှာ တအီအီ ငိုနေတဲ့ သားကို ချော့ရင်း ဒေါ်မြတစ်ယောက် လင်တော်မောင်ကို လှမ်းပြောလိုက်တယ်။
"အေးအေး..လာပြီလာပြီ။၊ဒါနောက်ဆုံးတစ်ထည်ပဲနော် ။ အားလုံးက အပေတွေချည်းပဲ။ဒီနေ့တင်ကို နင့်သားသုံးတာ အနှီး၅ထည်ရှိနေပြီ"
"အင်းပါရှင်...ရှင်ကလည်း ကလေးပဲ ဘယ်သိဦးမှာလဲ။ ပါချင်ရင်ပါမှာပေါ့။ သား အိပ်ပျော် သွားရင် ပေနေတဲ့ အနှီးတွေ အားလုံး ကျွန်မ လျှော်မလို့ပါပဲ။ ကဲပါ..ရှင့်လက်ထဲက အနှီးပေး.ပေး"
ပြောပြောဆိုဆို ကိုလှလက်ထဲက အနှီးကို လှမ်းယူပြီး သားတော်မောင်ရဲ့ ပေကြံနေတဲ့ တင်ပါးကိုသုတ်သင်ပေးလိုက်တယ်။
"ဒါနဲ့ အမေကြီး .. ခုနကလည်း သားသား ရှုးတွေပေါက်ချလို့ အကျီ င်္တွေစိုနေတယ်ဆို သွားလဲလိုက်လေ"
"ရပါတယ်...မလဲတော့ပါဘူး။ကျွန်မသားက ကျွန်မ သူ့ကို ချစ်၊မချစ်သိချင်လို့ အချစ်စမ်းတာပါ။"
သားမောင်ရဲ့ ပါးပြင်ရဲရဲလေးကို မွှေးကြူရင်း ကိုလှကို ပြန်ပြောလိုက်တယ်။
"နော်..သားသားရယ် သားသားက မေမေ့ကို အချစ်စမ်းတာမလား။"
မိခင်တစ်ယောက်အတွက် သူ့သားရဲ့ရှုးနံ့ဆိုတာ ရေမွှေးတစ်မျိုးပါပဲလို့ ပြောများပြောတတ်ရင်ပြန်များပြောမလားမသိ။

နောင်နှစ်ပေါင်း ၃၀ ကြာသောအခါ
"သား"
ကုတင်ပေါ်မှာ ပက်လက်လေး လှန်အိပ်နေရာမှ အနားရောက်လာတဲ့ သားတော်မောင်ကိုတိုးတိုးလေးခေါ်လိုက်တယ်။
"ဘာလိုချင်လို့လဲ အမေ"
"အ..မေ..လေ ဘယ်လိုမှ မထိန်းနိုင်တော့လို့ အိပ်ရာပေါ်မှာပဲ ကျင်ငယ်စွန့်မိလို့ပါကွယ်"
"ဟာဗျာ...အမေတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ကိုယ့်ကိုကိုယ် သတိထားပါဆိုတာလည်း မရဘူး။နည်းနည်းလေးတော့ သတိလေးထားဦးမှပေါ့။ ကျွန်တော်တို့လည်း အားတာ မဟုတ်ဘူး။ ဘယ်လိုမှမထိန်းနိုင်တော့ဘူး ဆိုရင်လည်း အိမ်ဖော်ကောင်မလေးကို ခေါ်ပြီး အနားမှာချပေးထားတဲ့ ဆီးအိုးထဲထိ ရောက်အောင်တော့ လုပ်ပေါ့။"
"အေးပါ သားရယ်..နောက်ဆို အမေထိန်းပါ့မယ်။သားကို အလုပ်တွေ ပိုရှုပ်အောင်လုပ်မိတဲ့ အတွက် အမေတောင်းပန်ပါတယ်ကွယ်"
"မိတူးရေ...မိတူး...နင့်အမေကြီးအတွက် ထမီအဟောင်းတစ်ထည် ယူခဲ့စမ်းပါ။ ပြီးရင် တစ်ခါတည်းလဲပေးလိုက်နော်။ ဟုတ်ပြီလား"
အိမ်ဖော်ကောင်မလေးကို အော်ပြောရင်း ထွက်ခွာသွားတဲ့ သားတော်မောင်ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ... ။


AddThis Social Bookmark Button


ရင်ခွင်

Tuesday, August 5, 2008

ဟိုး..အနောက်ဆီမှာ မှုန်ပျပျ မြင်နေရတဲ့ ရှင်မတောင်..တောင်၊ အနားယူဖို့ ပြင်ဆင်နေတဲ့ ရွှေအိုရောင် နေမင်းကြီးတို့ရဲ့ အလှ၊ချင်းတွင်းမြစ်ရဲ့တသွင်သွင်စီးဆင်းနေတဲ့
ရေစီးသံနဲ့အတူ အိပ်တန်းပြန် ငှက်လေးတွေရဲ့ အော်သံတွေနဲ့အတူ ညနေခင်းလေးတစ်ခုဟာ အရမ်းလှပနေတယ်။သူ တစ်ယောက်တည်း။ဟုတ်တယ်။သူတစ်ယောက်
တည်းပါပဲ။ ထိုင်ကြည့်နေမိတာ အချိန်ဘယ်လောက်ကြာသွားပြီလဲ ဆိုတာတောင် သူ့ကိုယ်သူ မသိတော့ဘူး။ ညနေခင်းရဲ့ အလှတွေထဲမှာ သူ့စိတ်တွေ မိန်းမောသွား
လို့လား။ မဖြစ်နိုင်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မျက်အိမ်ထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေပြီး သူ့မျက်ဝန်းတစ်စုံကလည်း တစ်နေရာတည်းကို စိုက်ကြည့်နေ
တယ်။ သေချာတယ် ။ သူ့ရင်ထဲမှာတော့.............တိတ်ဆိတ်စွာ ဆုတောင်းနေမိတယ် ။ မင်းတို့လေးတွေပြန်လာပါတော့။
>>>>>>>>>>
နာကျင်မှုဆိုတာ ခဏခဏကြုံတွေ့လာရရင် ထုံသွားပြီး ခံနိုင်ရည် ရှိတတ်တယ်လို့ သူကြားဘူးခဲ့တယ်။ အဲဒီစကားက သူ့အတွက်တော့ ရာနှုန်းပြည့် အမှားကြီးပါပဲ။
ဘာဖြစ်လို့လည်းဆိုတော့ သူ့ရင်ခွင်ကနေပြီး သူချစ်တဲ့ သူတို့လေးတွေတစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားတိုင်း သူနာကျင်ခဲ့ရတယ်။ အချိန်ကာလတွေ ဘယ်
လိုပဲ ပြောင်းလဲသွား ပြောင်းလဲသွား သူကတော့ သူ့ရင်ခွင်က ထွက်ခွာသွားတဲ့ သူတို့လေးတွေကို သတိရနေ၊တမ်းတနေတုန်းပါ။သူ့ရင်ခွင်က နောက်ဆုံးထွက်ခွာသွားမဲ့
သူက ဘယ်သူဆိုတာလည်း အခုချိန်ထိ သူမသိရိုးအမှန်ပါ။
>>>>>>>>>>
မင်းတို့လေးတွေ ဘာဖြစ်လို့များ ငါ့ရင်ခွင်ကနေ ထွက်ခွာသွားကြတာလဲကွာ။ မင်းတို့အပေါ်မှာ ငါတာဝန်မကျေခဲ့လို့လား။ ငါ့ရင်ခွင်က မင်းတို့အတွက် နွေးထွေးမှုတွေ
မပေးစွမ်းနိုင်တော့လို့လား။ ဟားးးးးးးးးး လေပူတစ်ချက် မှုတ်ထုတ်ရင်း သူ့စိတ်ကို တစ်ခဏတာ အနားပေးဖို့ လှည့်စားလိုက်တယ်။ ဟော...အခုလည်း တစ်ယောက်၊
သူ့ရင်ခွင်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြန်ပြီ။ ဒီတစ်ခါမှာလည်း သူ့ ဆန္ဒအတိုင်း မသွားဖို့၊ တားမြစ်ခဲ့ပေမဲ့ ထွက်ခွာသွားကြတဲ့ သူတွေရဲ့စကားလုံးတွေနဲ့တစ်ထပ်တည်း
ကျတဲ့ စကားတွေ သူထပ်ကြားခဲ့ရပြန်တယ်။ မင်းတို့လေးတွေ ပြောတဲ့ ပညာရေး၊စီးပွားရေး၊ဘဝတိုးတက်ရေး...............စတဲ့ စတဲ့ ( အရေးပေါင်း ) များစွာကို ငါ နား
မလည် ခဲ့ပါဘူး။ ငါ့အတွက်လည်း အဲဒါတွေမလိုအပ်ပါဘူး။ ငါ့အတွက်လိုအပ်တာ၊ အရေးကြီးတာ ငါချစ်တဲ့ မင်းတို့လေးတွေကို အမြဲတမ်း ငါ့ရင်ခွင်မှာ ထွေးပွေ့ထားဖို့
တစ်ခု တည်းရယ်ပါ။ မင်းတို့ ဘဝလေးတွေ အောင်မြင်ဖို့၊ လှပလာဖို့အတွက် ဒီတစ်ခါလည်း ငါ့နှလုံးသားကို လမ်းအဖြစ်ချခင်းပေးလိုက်ပါတယ်။
>>>>>>>>>>
အဝေးမှာ ရောက်နေတဲ့ မင်းတို့ထဲက တစ်ယောက်ယောက်ကများ ငါ့ကို သတိရနေ၊ လွမ်းနေတယ်ဆိုတဲ့ စကားလေးတွေ ငါပြန်ကြားရတဲ့ အခါများဆို ငါ့ရင်ထဲမှာ ပြော
မပြနိုင်လောက်အောင် ကြည်နူးမိပါတယ်။ မင်းတို့တွေ တနယ်တကြေးမှာ အဆင်ပြေနေတယ်။ အောင်မြင်နေတယ် ဆိုရင်လည်း င့ါရင်ခွင်က ထွက်ခွာသွားတဲ့မင်းတို့
အတွက် ငါကိုယ်တိုင် ဂုဏ်ယူမိခဲ့ရပါတယ်။ တစ်ချို့ဆိုရင် ပညာရေးနယ်ပယ်မှာ အောင်မြင်လို့ နိုင်ငံရပ်ခြားဆိုတဲ့ ငါဘယ်လိုမှ လိုက်မမှီတဲ့ အရပ်ဒေသမှာတောင် ပညာ
တွေ သွားသင်နေရတယ်ကြားပြန်တော့လည်း ငါ မွေးရကျိုးနပ်ခဲ့ရတယ်ဆိုပြီး ကျေနပ်မိပါတယ်လို့ ဝန်ခံပါရစေ။ တစ်ခါတစ်ခါကျရင်လည်း ကြိုးစားရင်း ကျဆုံးသွားတဲ့
အချို့အတွက်လည်း ငါ...ပြောမပြတတ်လောက်အောင် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မင်းတို့တွေ အောင်မြင်ရင်ပဲ ဖြစ်ဖြစ်၊ ကျဆုံးသွားရင်ပဲ ဖြစ်ဖြစ်ပါ။မင်းတို့အပေါ်မှာ
ထားတဲ့ င့ါရဲ့ မေတ္တာ၊အကြင်နာတွေက ချင်းတွင်းမြစ်ရေရဲ့ စီးဆင်းမှုနဲ့ အတူ ထာဝရ မပြောင်းလဲပါဘူး။
>>>>>>>>>>
အောင်မြင်တဲ့ သူတွေကို ငါတစ်ခုတော့ မှာပါရစေ။ ဘယ်လို အခြေနေ၊ဘယ်လို အဆင့်အတန်းမှာပဲ ရှိနေ၊ရှိနေပါစေ။ မိမိကို မွေးထုတ်ပေးခဲ့တဲ့ မြေကြီးကို မမေ့ပါနဲ့။
အပင်မြင့်လေ လေတိုက်ခံရလေဆိုတဲ့ စကားအတိုင်း အမြင့်မှာ နေချင်တယ်၊တည်မြဲနေချင်တယ်ဆိုရင် လေတိုက်တဲ့ ဒဏ်ကိုတော့ ခံနိုင်စွမ်းရှိအောင် ကြိုးစားပါ။
ကြိုးစားရင်း ကျဆုံးနေတဲ့ သူတွေအတွက်လည်း...လဲရင်ပြန်ထပါ။ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောက ကြီးကို ပြုံးပြုံးလေးပဲ ရင်ဆိုင်လိုက်ပါ။ မင်းတို့ကို သူအလဲ
ထိုးတဲ့အခါတိုင်း အတတ်နိုင်ဆုံးအားယူပြီး ပြုံးပြုံးလေးနေလိုက်စမ်းပါ။ မင်းရဲ့ ဇွဲနဲ့ သတ္တိအတွက် နောက်ဆုံး သူ့ ရှုံးနိမ့်သွားပါလိမ့်မယ်။
>>>>>>>>>>
မင်းတို့တွေ ပင်ပန်းနေတဲ့အခါ၊ အနားယူလိုတဲ့ အခါတိုင်း ငါ့ကိုတော့ သတိရပေးကြပါ။ အချိန်ရတယ်ဆိုရင်လည်း င့ါဆီကို တစ်ခါတစ်ခေါက်လောက် ပြန်လာကြပါဦး။
မင်းတို့အတွက် ငါ့အိမ်တံခါးကို အမြဲဖွင့်ပေးထားပါတယ်။ အချိန်တွေကြာလာပေမဲ့ ငါ့အိမ်လေးက မင်းတို့ ရှိတုန်းကလိုပဲ ဘာမှပြောင်းလဲမသွားသလိုငါကိုယ်တိုင်လည်း
ရင်ခွင်အောက်က သူတွေကို ပြုစုပေးရင်း ကျန်းကျန်းမာမာရှိနေဆဲပါ။
>>>>>>>>>>
ကျွန်တော့်မွေးရပ်မြေ ( ရေစကြိုမြို့ ) လေးကို သတိရလို့ ပို့လေးတစ်ခုအဖြစ်ဖန်တီးထားခြင်းဖြစ်ပါသည်။ မွေးရပ်မြေနှင့် ဝေးကွာနေသူတိုင်းအတွက် ရည်ရွယ်ပါသည်။



AddThis Social Bookmark Button


သူ နဲ့ သူမ

Wednesday, July 23, 2008

သူ
ဘဝကို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းတယ်။ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေ ကြုံလာရတိုင်း အမြန်ဆုံး မေ့ပစ်နိုင်အောင်ကြိုးစားပြီး နေတတ်တယ်။ သူ့မှာ မာနတွေ ၊
အတ္တတွေ ၊ ပကာသနတွေမရှိဘူး။ စိတ်ကောင်းစေတနာကောင်းရှိတယ်။ အဲဒါကြောင့်ထင်တယ် ။ အချိန်တိုင်း သူ့ကို တွေ့လိုက်ရင် ပြုံးရယ်နေတာပဲတွေ့ရတတ်တယ်။

သူမ
အနေအထိုင်အေးဆေးတယ်။ မိန်းကလေးပီသတယ် ။ သူတစ်ပါးကိုအရမ်း ကူညီတတ်တယ် ။ သူငယ်ချင်း မိဘတွေအပေါ်မှာ အရမ်းသံယောဇဉ်ကြီးတယ် ။
သူမ ချစ်တဲ့သူတွေကို အရမ်းအလေးထား ဂရုစိုက်သလို သူမကိုလည်း ပြန်ပြီးဂရုစိုက်တာလေးတွေလိုချင်တယ်။ သူမချစ်တဲ့သူ တစ်ဦးဦးက သူမကို စိတ်ထိခိုက်စရာ၊ စိတ်မကောင်းစရာတစ်ခုခု ပြောလိုက်တယ်ဆို အရမ်းခံစားနေတတ်တယ်။ ပြီးတော့ မာနရှိတယ်။

သူနဲ့သူမ...မမျှော်လင့်ပဲ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူ က သူမကို ပျော်အောင်ထားတယ်။ သူမ ခံစားချက်လေးတွေကို နားထောင်ပေးတယ်။ သူကလည်း သူ့ဘဝအကြောင်းတွေ အားလုံး သူမကို ပြောပြတတ်သလို သူမကလည်း ရင်ဖွင့်စရာရှိရင် သူ့ကို ပြောပြနေတတ်ခဲ့တယ်။တစ်စ တစ်စနဲ့ သူတို့ နှစ်ယောက်
ရင်ထဲမှာ သံယောဇဉ်ဆိုတဲ့ ကြိုးလေးတွေကို မသိမသာ ယက်လုပ်နေကြတယ်။ ဖေဖော်ဝါရီ ( ၁၄ ) ချစ်သူများနေ့။ သူငယ်ချင်းတွေအားလုံး ကန်တော်ကြီး
ပန်းခြံထဲမှာ စုံကြမယ်ဆိုလို့ သူတို့နှစ်ယောက်လည်း မယောင်မလည်နဲ့ ရောက်လာခဲ့ကြတယ် ။ကျန်တဲ့ သူငယ်ချင်းတွေအားလုံးက ချစ်သူတွေကိုယ်စီနဲ့မို့ တဝါးဝါး
တဟားဟားနဲ့ ရယ်တဲ့သူကရယ်၊ တိုးတိုး တိုးတိုးနဲ့ တွတ်ထိုးနေတဲ့ အတွဲက တွတ်ထိုး။တစ်ခါတစ်ခါ ချစ်သူမရှိသေးတဲ့ သူတို့နှစ်ယောက်ကို ဝိုင်းစကြနဲ့မို့ သူတို့
သူငယ်ချင်းအုပ်စုလေးက ပျော်စရာကမ္ဘာလေးတစ်ခုဖြစ်နေတယ်လေ။ခဏနေတော့ အတွဲကိုယ်စီ သင့်တင့်လျောက်ပတ်တဲ့ နေရာတွေကို ချီတက်သွားကြတာကြောင့်
သူနဲ့သူမပဲ တိတ်တိတ်ဆိတ်ဆိတ်လေး ကျန်နေခဲ့ကြတယ်။

(သူ) - နင် အားမကျဘူးလား။ အတွဲကိုယ်စီနဲ့ လျှောက်သွားနေလိုက်ကြတာ။
(သူမ) - အမယ် .. ငါ့ကိုလာမမေးပါနဲ့။ နင့်မေးခွန်းကို နင့်ဘာသာပဲ ပြန်ဖြေပါဦး။

(သူ) - ဟားဟ . ငါက မလိုချင်လို့ မထားတာ။ သဘောပေါက်။ နင့်လို ထားချင်ရက်နဲ့ မထားနိုင်တာ မဟုတ်ဘူး။
(သူမ) - ငါလည်း အပူအပင်တွေ မရှာချင်လို့ကို မထားတာ။ နင်သိပါတယ်။ ဆံပင်လေးတစ်ချက် ရမ်းလိုက်ရင် ပြိုဆင်းသွားတဲ့ သူတွေအများကြီးဆိုတာ။

(သူ) - ခေါင်းမှ မလျှော်ပဲ။
(သူမ ) - နင်နော်..နင့်လို အရပ်က ဝိုင်းပြီး ရေချိုးပေးမှ ချိုးတဲ့သူများ မှတ်နေလား။
......................

တစ်ယောက်နဲ့တစ်ယောက်စနေရင်းကနေ သူက သူဖတ်ဘူးတဲ့ တယ်လီပသီ( telepathy ) ဆိုတာ ယုံကြည်သင့်တယ်ဆိုတာမျိုး၊ ဆိုက်ကိုနဲ့ ဆိုင်တဲ့ လိုဘမပြည့်တာတွေ၊ နူရိုးဆစ်ရောဂါအကြောင်းတွေ သူမကိုပြောပြ၊ သူမကလည်း အခု ဘယ်သင်တန်းတွေ တက်ပြီးလို့ ဘယ်သင်တန်း ထပ်တက်ဖို့လုပ်နေတဲ့ အကြောင်း၊ သူမ ကြိုက်တဲ့ မင်းသား ရီဝေယံ ဖုန်းနံပတ်က ဘယ်လောက်ဆိုတာတွေ ပြောရင်း အချိန်တွေဖြုန်းရင်းနဲ့ သူငယ်ချင်းတွေ ပြန်အလာကို စောင့်နေကြ
တယ်။

(သူ) - နင်က အခုလို အနီးကပ် သေသေချာချာ ကြည့်တော့ ချစ်စရာလေးပဲဟ။
(သူမ) - ဟင်..ဘာမှလည်း မဆိုင်ဘူး။

(သူ) - အကောင်းပြောတာပါ။ နင်က ချစ်ဖို့ကောင်းတယ်နော်။ နောက်နေ့ ငါ့ကို မုန့်လိုက်ကျွေး။ ( ဟီးဟီး )
(သူမ ) - တော်ပြီ..နင့်ကို မခေါ်တော့ဘူး။
.......................

အဲညက သူဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး။ သူမနဲ့ ဒီနေ့လိုမျိုး အနီးကပ် စကားတွေအကြာကြီးမပြောဘူးလို့ထင်တယ်။အိပ်မရတာနဲ့ သူမဆီ ဖုန်းကောက်ဆက်လိုက်တယ်။
.......................

(သူ) - ဟဲလို ... နင်လား ၊
(သူမ) - နင်မဟုတ်ဘူး ... ငါ ။

(သူ) - အိပ်မရလို့ နင့်ဆီ ဖုန်းဆက်လိုက်တာ ၊ ပြီးတော့ နင့်ကိုလည်း အရမ်းသတိရနေလို့ဟ။ ငါပြောတဲ့ တယ်လီပသီအရဆို နင်လည်း င့ါကို သတိရနေမယ်
ထင်တယ်။
(သူမ) - ဟင် ... ဘာမှလည်း မဆိုင်ဘူး။
.......................

အဲနေ့ညက သူ ...သူမကို ချစ်တယ်လို့ propose လုပ်ဖြစ်သွားတယ်။ သူ့ကိုသူ အဲလောက်မြန်မြန်ကြီးပြောဖြစ်ခဲ့မယ်လို့ မထင်ခဲ့ဘူး။ပြောပြီးမှ သူမစိတ်ဆိုးသွားပြီလား။
သူ့ကို မခေါ်တော့ဘူးလား ဆိုပြီး စိုးရိမ်လာပြန်ရော။ဘယ်လိုက ဘယ်လိုပြောမိသွားတယ်မသိဘူး။ဒါပေမဲ့ ပြောတော့ပြောချလိုက်ပြီ။ ငါပြောလိုက်တာ စောများစောနေ
မလား။ နောင်လည်း ပြောမယ့်အတူတူကောင်းပါတယ်လေ။ ငါ့အချစ်ကို ဘယ်လို ထင်သွားမလဲ။ အတွေးပေါင်းများစွားနဲ့ တစ်ယောက်တည်း မေးခွန်းတွေထုတ်
တစ်ယောက်တည်း ဖြေ(အကောင်းဘက်ကိုတွေးပြီး) နဲ့ တော်တော်တော့ မောတယ်။

.......................

သူမ တစ်ယောက်လည်း သူ့လိုပဲ တွေးနေခဲ့မိတယ်။ သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားကြားလိုက်ရတော့ ထူပူသွားပြီး၊ ရှက်မိတယ်။ သူ့ဆီက အဲဒီလို
စကားပြောလာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူးလေ။ သူ...အဲလိုပြောဖြစ်အောင် သူမကပဲ အနေအထိုင် မတတ်ခဲ့လို့လား ဆိုပြီးလည်း ကိုယ့်ကိုယ်ကို ပြန်မေးရင်း
သူနဲ့တွေ့ဖို့ ကို ကြောက်နေမိခဲ့တယ်။

.......................

နောက်နေ့သူဖုန်းဆက်တော့ မိန်းကလေးတွေရဲ့ ရိုးရာလက်သုံးစကားဖြစ်တဲ့ စဉ်းစားပါရစေဦးဆိုတဲ့ စကားပဲ ပြောဖြစ်ခဲ့တယ်။

.......................

မကြာပါဘူး။ သူ တဂျီဂျီ တဂျောင်ဂျောင်နဲ့ ဈေးဆစ်လွန်းလို့ ( သူမကလည်း ချစ်နေပြီကိုး ) ၁နှစ် နေမှ အဖြေပေးမယ်ကနေ နောက်၆လ အကြာမှာပဲ သူ့ကို ချစ်တယ်လို့ အဖြေပြန်ပေးခဲ့တယ်။အဖြေရတဲ့ ညမှာပဲ ဖုန်းအကြာကြီးပြောဖြစ်ခဲ့ကြတယ်။ သူဆိုတဲ့ကောင်ကလည်းဘယ်တုန်းကတည်းက ပြောမယ်ဆိုပြီး
ကြိမ်းဝါးထားတယ် မသိဘူး။ ဒီနေ့မှ အဖြေရတယ်။ ကလေး ၃ ယောက်က ယူပြီးနေပြီ။သူမက မပြောပါနဲ့ဆိုတာကို မရတော့ဘူး။

"ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်အရာမဆိုပွင့်လင်းကြမယ်နော်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း အတတ်နိုင်ဆုံး နားလည်ပေးရမယ်။
အော်..နောက် ၃ နှစ်ကြာရင် ငါတို့တွေ လက်ထပ်ကြမယ်နော်။ ဒါမှ မွေးလာတဲ့ သားသမီးတွေကို ကောင်းကောင်းပြုစုပေးနိုင်မှာဟ။ ငါတို့ လက်ထပ်တာ ၂၆ပဲထား။
တစ်ယောက်နဲ့တစ်ယောက်၂ နှစ်ခြားမွေးရင် ငါတို့ ၃၂ နှစ်မှ အငယ်ဆုံးလေး မွေးမယ်။ နောက် ၁၅ နှစ်ဆိုမှ အငယ်ဆုံးလေးက ၁၀တန်းအောင်မှာဆိုတော့ ငါတို့က
အသက်၅၀နားကပ်နေပြီ။ သူတို့ဘဝတွေ ကိုယ့်ခြေထောက်ကိုယ်ပေါ် ရပ်တည်နိုင်တဲ့အထိ ငါတို့က လုပ်ပေးရမှာလေ။ အသက်တွေကြီးနေရင် မကောင်းတော့ဘူး"

သူပြောချင်တာတွေပဲ ဇွတ်ပြောသွားတယ်။ တစ်ဘက်က သူမ တစ်ယောက်မှာတော့ ရှက်လို့ မျက်နှာလေးနီရဲနေသလို၊ သူ့ရဲ့ အလေးထားမှုလေးတွေကိုလည်း သဘောကျနေတယ်ဆိုတာတောင် မသိရှာဘူး။

........................

သူတို့ ချစ်သူနှစ်ယောက်ရဲ့ ချစ်သူဘဝလေးက အရမ်းကို ပျော်စရာကောင်းတယ်။ သူကလည်း သူမကို အရမ်းဂရုစိုက်တယ်။ ကြင်နာတယ်။ အဲဒီ ကြင်နာယုယမှုလေး
တွေ အပေါ်မှာ သူမလည်း ကျေနပ်ခဲ့တယ်။ သူ ခဏ ခဏ သူမကိုပြောတယ် မိန်းမဆိုတာ အားငယ်သင့်တဲ့ နေရာမှာ အားငယ်ရမယ်။ မှီခိုစရာရှိရင် မှီခိုရမယ်။
ဝမ်းနည်းစရာ ရှိလာရင်လည်း မိန်းကလေးဆန်ဆန် ငိုတတ်ရမယ်တဲ့။ သူက အဲလို မိန်းမဆန်တဲ့ မိန်းကလေးမျိုးမှ ကြိုက်တာတဲ့။ သူဘာဖြစ်လို့ ပြောတယ်ဆိုတာ
သူမ သိတာပေါ့ ။ သူမမှာ မာနရှိတယ်။ ဘယ်တော့မှ သူများကို အားမကိုးဘူး။ ဘာမဆို ကြံ့ကြံ့ခိုင်နိုင်လို့လေ။ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူ့ကို ချစ်ပြီးတဲ့
နောက်ပိုင်းမှာ သူမ ပိုပိုပြီး အားငယ်လာတယ်။ မှီခိုချင်လာတယ်။ ဝမ်းနည်းတတ်လာတယ်။ ဒါတွေဟာ သူပြောတဲ့ မိန်းမဆန်တဲ့ မိန်းမတစ်ယောက်တဲ့လား။ သေချာမသိပေမဲ့ သူမ ပြောင်းလဲလာတာတော့ အမှန်ပဲ။

........................

သူမကလေ သူ့ဆီကနေ အချိန်တိုင်း ဂရုစိုက်နေ ကြင်နာနေတာလေးတွေကို လိုချင်တယ်။ တစ်ခါတစ်လေ သူက သူမကို ဂရုမစိုက်ပဲ ပြစ်ထားတယ်လို့ ထင်ရင် တစ်ယောက်တည်း စိတ်မကောင်းဖြစ်နေတတ်ရော။ ပြီးတော့ သူမက အရမ်း စိုးရိမ်တတ်တော့၊ သူ...ညတွေမအိပ်ပဲ ဂိမ်းတွေကစားနေတယ်လို့ ပြောလာရင်လည်း
သူ့အတွက် စိုးရိမ်ရပြန်တယ်။ အဆိုးဆုံးက သူမချစ်တဲ့ သူ့ကို အရမ်းသဝန်တိုတတ်ခြင်းပဲ။ ပြီးတော့ သူမအတွက် စိတ်မကောင်းဖြစ်စရာ တစ်ခုက ပြောပြီးသား စကားကို သူ အလေးမထားတတ်ခြင်းလေ။ အဲဒါတွေက သူ့ စိတ်ထဲမှာ သူမကို ဘယ်နေရာမှာထားတာလဲ၊ တစ်ကယ်ရော သူမဆိုတာ ရှိရဲ့လားဆိုတဲ့ အတွေးတွေ
ကို ဖြစ်စေခဲ့တယ်။ ဒါပေမဲ့...သူ့ကို သူမ အရမ်းချစ်ပါတယ်။ သူက လွဲပြီးရင်လည်း ဘယ်သူ့ကို မှ ချစ်လာနိုင်မှာ မဟုတ်တော့ဘူးဆိုတာလည်း သူမကို သူမ
အသေအချာ သိပါတယ်။ ဘာပဲပြောပြော သူမ အတတ်နိုင်ဆုံး နားလည်ပေးရမှာပေါ့လေ။

........................

သူလည်း သူမကို အရမ်းချစ်တာပဲလေ။ ဒါကြောင့် သူချစ်တဲ့ သူမကို သူဘာလုပ်လုပ် ပြန်ပြန်ပြောပြတတ်တယ်။ ဂိမ်းတွေကို ညလုံးပေါက်ကစားတာ၊ ဆေးလိပ်ကို
ဖြတ်လို့မရသေးတာ၊ သူနဲ့ ခင်တဲ့ ကောင်မလေးနဲ့ စကားပြောခဲ့တာတွေက အစ သူမကို ပြန်ပြောပြတတ်ပြီး သူမ မကြိုက်ဘူးဆိုပြန်တော့လည်း နောက်မလုပ်တော့
့ပါဘူး ဆိုပြီး ကတိတွေပေးမိပြန်ရော။ ဒါပေမဲ့ အဲ ကတိအတိုင်းတော့ သူမနေခဲ့ပါဘူး ။ အဲဒါ သူမကို မချစ်လို့ မဟုတ်သလို အလေးမထားလို့လည်း မဟုတ်ပါဘူး။
အဲဒါက သူ့ရဲ့ အကျင့်အတိုင်း လွတ်လပ်စွာနဲ့ ပေါ့ပေါ့ပါးပါးနေလိုတဲ့ စိတ်ကြောင့်ဖြစ်သလို ချစ်သူဖြစ်တဲ့ သူမအပေါ်ဖြစ်လို့လည်း သူ့စိတ်ရင်းအတိုင်း ဆက်ဆံမိခဲ့တာ။
အခြားသူတွေ အပေါ်မှာတော့ သူ ပြောခဲ့တဲ့ စကားတိုင်းကို ဘယ်တော့မှ မချိုးဖောက်ခဲ့ပါဘူး။ သူ့မှာ အကျင့်တစ်ခုရှိတယ်။ အဲဒါ သူ့ကို အထင်သေးတဲ့ သူ၊ ဆူပူတဲ့ သူ၊ မယုံကြည်တဲ့ သူဆိုရင် အဲဒီသူ ရှေ့မှာ ပို အရွဲ့တိုက် နေတတ်ပြီး၊ တစ်ဘက်ကနေ အဲဒီလူ မသိအောင် ကြိတ်ပြီး ကြိုးစားတတ်တာ။ သူ ငယ်ငယ်က စာမကျက်လို့ မိဘတွေက ဆူတယ်၊ ပြောတယ်၊ နာအောင်တစ်မျိုး၊ မခံချင်အောင်တစ်သွယ် ပြောရင် စာမကျက်ပဲ အိပ်ပစ်တတ်တယ်။ ဒါပေမဲ့ ထင်သလို မဟုတ်ပါလားဆိုတဲ့ အတွေးမျိုး တစ်ချိန်မှာ ဝင်လာအောင် မိဘတွေ အိပ်ပြီဆိုရင် စာထကျက်တတ်တယ်။

.........................

သူမ ပိုပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ သူ့ဆီက နောက်မလုပ်တော့ပါဘူး။ ကတိပေးတယ်နော်လို့ ပြောခဲ့တုန်းက ကြည်နူးရတာလေးတွေက ဘယ်လောက်မှ မကြာ
သေးဘူး။ သူ တစ်ခုမဟုတ်တစ်ခုတော့ ဖျက်လိုက်တာပဲလေ။ ဆေးလိပ် ပြန်သောက်ရင် သောက်တယ်။ ဂိမ်းပြန်ကစားရင် ကစားတယ်။ သူ့ သူငယ်ချင်းကောင်မလေး
နဲ့ စကားပြန်ပြောရင် ပြောတယ် ။ ကြာတော့ သူမမှာ ဘယ်လိုမှ ခံနိုင်စွမ်းမရှိတော့ဘူး။

..........................

သူမဆီက သူ လုံးဝ မျော်လင့်မထားတဲ့ စကားကြားခဲ့ရတယ်။

( သူမ ) နင်.. ငါ့ကို တစ်ကယ်ရော ချစ်ခဲ့တာလား။
( သူ ) ဟာ...

သူ့ ရင်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ "ဘာဖြစ်လို့များ ငါ အရမ်းချစ်ရတဲ့ နင့်ဆီက အခုလို စကားမျိုး ပြောထွက်လာရတာလဲ။ ငါ့ အချစ်အပေါ်မှာ ထားတဲ့ နင့်ရဲ့ ယုံကြည်မှုက အဲလောက်ပဲလား ဟာ။ လူတစ်ယောက်ဘဝမှာ တန်ဘိုးအရှိဆုံးက ယုံကြည် စိတ်ချရမှုပါ။ အခုတော့ သွားပြီပေါ့။ တစ်ခြားသူတွေမဟုတ်ပဲ
နင် ကိုယ်တိုင်က ငါ့အချစ်ကို မယုံကြည်ဖြစ်ခဲ့လို့ အခုလို မေးလာတယ်ဆိုတော့..........သွားပြီပေါ့ ...............ငါ ချစ်ခဲ့တဲ့ အချစ်တွေ အာလုံး ..............။
နင်မေးတဲ့ မေးခွန်းကို ငါပြန်ဖြေလို့ ရပါတယ်။ နင့်ကို ငါတစ်ကယ်ပဲ ချစ်တာပါလို့။"

ဒါပေမဲ့..........

သူမ မေးတဲ့ မေးခွန်းကို သူ့ဆီကနေ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ငြင်းချက်ထုတ်လာမယ်လို့ သူမ မျှော်လင့်တကြီး စောင့်နေခဲ့မိတယ်။ "ပြောလိုက်ပါလားဟာ နင့်ကို
ငါ အရမ်းချစ်တာပါလို့၊ နင် ဘာဖြစ်လို့ ဆွံအနေရတာလဲ၊ တစ်ကယ်ပဲ နင်ငါ့ကို မချစ်ခဲ့တာလား "

( သူ ) နင်...ဘာဖြစ်လို့ အဲလို မေးခွန်း မေးရတာလဲ။
( သူမ ) မိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ်နဲ့ လက်တွဲမယ့် ချစ်သူက ကိုယ့်ကို တစ်ကယ်ချစ်ရဲ့လား၊ ဘယ်လောက် အလေးထားလဲဆိုတာ အရေးကြီးတယ်လေ။
ပြီးတော့ တစ်ကယ်မချစ်ပဲ နဲ့ သိက္ခာတရားကြောင့်၊ စောင့်စည်းရမယ့် ကျင့်ဝတ်တွေကြောင့် ချစ် ဟန်ဆောင်ပြီး လက်တွဲသွားမယ့် အချစ်မျိုးကို အရမ်းမုန်းလို့ မေးလိုက်တာပါ။
( သူ ) အော်....

.......................

" မေမေ "
" အော် .. သား ကျောင်းက ပြန်လာပြီလား။ အင်္ကျီအဝတ်အစားလဲ၊ ပြီးရင် ဒီနေ့ဘာတွေ သင်ခဲ့တယ်ဆိုတာ မေမေ့ကို ပြောပြနော် "

အချိန်ကာလတွေ ပြောင်းလဲလာတာနဲ့ အမျှ အရာအားလုံးလည်း ပြောင်းလဲသွားကြတာပါပဲ။ သူမတစ်ယောက်လည်း အခုဆို ချစ်စရာကောင်းတဲ့ သားလေးရယ်၊
သူမအပေါ်မှာ ဂရုစိုက်ပြီး၊ အရမ်းချစ်တတ်တဲ့ လက်တွဲဖော်တစ်ယောက်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပါပြီ။

.......................

ကန်တော်ကြီးပန်းခြံရဲ့ တစ်နေရာမှာတော့ တည်ငြိမ်ပြီး ရင့်ကျက်နေတဲ့ လူတစ်ယောက် မြက်ခင်းပြင်ပေါ်မှာထိုင်ပြီး ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့
တယ်။

" တခဏတာ တိမ်မဲတွေ ဖုံးလွမ်းနေလို့
ပြာလဲ့ ကြည်လင်နေတဲ့ ကောင်းကင်ကြီးရဲ့
အလှကို..... မတွေ့ရပေမဲ့.....
ထာဝရအတွက်တော့ ဖုံးကွယ်နိုင်စွမ်း မရှိပါဘူး။

အမှန်တရားတစ်ခုကို တွေ့မြင်နိုင်ဖို့အတွက်
အချိန်တစ်ခုတော့ စောင့်ပေးပါ။

အမှန်တရားကို သိလာတဲ့ တစ်နေ့
မင်း... နောင်တရမှာ ဆိုးလို့ပါ။

ကောင်းကင်ကြီးကို ယုံကြည်တယ်ဆိုရင်ပေါ့ "



AddThis Social Bookmark Button


လေလွင့်သူတစ်ယောက်၏ လွမ်းဆွတ်မှု

Thursday, April 3, 2008

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက်၊ တောင်မှမြောက်သို့
ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ်
အသက်ကြီးလာသလို အကြားအမြင်။ ဗဟုသုတတွေလည်း တိုးလာခဲ့သည်၊
ကမ္ဘာ့ရွာ တဖြည်းဖြည်းကျဉ်းလာသည်၊ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့
အိုစာသွားခဲ့သည်၊

လွန်ခဲ့သောနှစ်(၂၀)က မွေးရပ်မြေရထားဘူတာမှအစပြုလို့ ကမ္ဘာကြီးကို
စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်၊ နှစ်ပေါင်း(၂၀)အတွင်း ပီကင်းမှရှန်ဟိုင်း။
ကွမ်တုန်မှဟောင်ကောင်။ နယူးယောက်ခ်မှဝါရှင်တန်။ တောင်အမေရိကားမှ တောင်
အာဖရိကအထိ။ ထိုမှတစ်ဆင့် လန်ဒန်မှဆစ်ဒနီသို့ အလုပ်လုပ်ရင်း၊ လှည့်လည်ရင်း
ကျွန်တော်ရောက်ခဲ့ဖူးသောနိုင်ငံများ(၂၀)ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း
စိတ်သစ်၊ လူသစ်၊ ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။
သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှမပြောင်းလဲနိုင်ခဲ့၊
ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။
ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့
ကျွန်တော့်အတွက် အင်အားပိုဖြစ်စေခဲ့သည်။ အမေ့အသံမှာ တစ်နှစ်ထက်တစ်နှစ်
ပိုမိုအိုစာသွားခဲ့သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကိုဂရုစိုက်ဖို့၊ အမေ့ကို
စိတ်မပူဖို့၊ နေရာတကာသတိဖြင့်သွားလာဖို့၊ ခွင့်ယူပြီးပြန်မလာဖို့၊ ပြန်လာရင်
ငွေကုန်ကြေးကျများပြီး အလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်း ထပ်တလဲလဲပြောသည်။
ကျွန်တော် စိတ်မကောင်းဖြစ်မိသည်၊ အမေ ကျွန်တော့်ကိုလွမ်းနေပြီ၊ တွေ့ချင်နေပြီ
ဆိုတာ ကျွန်တော်သိလိုက်ပါသည်။

အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ။ စိတ်ထဲက
အစီအစဉ်တွေကိုဖျက်ပြီး၊ အမေ့ဆီတစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ထိုတစ်လအတွင်း ဘာမှမလုပ်၊ ဘာမှမတွေးဘဲ အမေ့အနားတွင်နေမည်။ ကျွန်တော်
ပြန်လာခဲ့မည့်အကြောင်း အမေ့ကိုဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင်
အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သောအစား
အစာများကိုမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊
ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေပြင်ဆင်ရင်း အမေအလုပ်
တွေရှုပ်နေခဲ့သည်ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေ
ပြီဖြစ်သော အမေ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ၊ ကျွန်တော်ပြန်လာဖို့
အတွက်ပြင်ဆင်ရင်း မောဖို၏မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။

အမေနှင့်တွေ့သည့်အခါ အမေ့ကိုပြေးပြီးဖက်လိုက်မည်ဟူသောစိတ်ကူးနှင့်
လေယာဉ်ပေါ်တွင် ကြည်နူးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါတွင်
ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသောအမေသည် သစ်ခြောက်ပင်
အိုနှင့် တူနေသည်၊၊ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်
ပုံရိပ်နှင့်မတူတော့။ အမေ တော်တော်အိုစာသွားခဲ့ပါလား။

အိမ်ပြန်ရောက်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သောဟင်းများကို အမေ စတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့
ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်းဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကိုခြုံအိပ်ရတဲ့အကျင့် ကျွန်တော့်မှာမရှိတော့။ ဂွမ်းစောင်အစား သိုးမွေးစောင်နုနုလေးပဲသုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။ အိမ်ပြန်ရောက်စနှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနဲ့ စကားကောင်းကောင်းမပြောဖြစ်ခဲ့၊ ပြောဖြစ်ပြန်တော့လည်းလူ့ဖြစ်အင်များ၊လူ့ဘ၀အကြောင်းများကိုထပ်တလဲလဲပြောနေ
တော့သည်။ထိုအကြောင်းများသည်လွန်ခဲ့သော(၁၀)နှစ်ခန့်ကအမေအပ်ကြောင်းထပ
်အောင်ပြောခဲ့သော စကားများဖြစ်သည်။

ထိုအကြောင်းအရာဖြင့် ကျွန်တော့် ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့
သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာပြီး ထိုအကြောင်းအရာများသည်
ခေတ်နောက်ကျနေပြီဖြစ်ကြောင်းပြောမိလျှင် အမေသည် တွေတွေလေးဖြင့်၊
တစ်နေရာရာကိုငေးကြည့်နေတတ်သည်။ မျက်စိတွေမှုန်ဝါးလာပြီဖြစ်သောကြောင့်
အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကိုဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိ
လာသည်။ အမေချက်သောဟင်းထဲတွင် တစ်ခါတစ်ရံပိုးကောင်များ၊ ယင်ကောင်
များ ပါလာတတ်သလို၊ ထမင်းဟင်းများကြမ်းပြင်ပေါ်သို့ကျရင်လည်း ပြန်ကောက်
ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့်မတူတော့။ အိမ်တွင်မချက်
စားဘဲ ဆိုင်မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊
ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းပြောသည်။ ထမင်းချက်အဖော်တစ်ယောက်
ရှာထားခဲ့မည်ဟုပြောပြန်ရင်လည်း အမေသည် ‘ငါလှုပ်ရှားနိုင်သေးတယ်၊ ငါမအို
သေး’ ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားရင် အမေလည်း
လိုက်ချင်သည်။ နောက်ဆုံးတွင် အမေ့ခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။

အကြောင်းအရာတစ်ခုခုဆွေးနွေးမိပြန်ရင်လည်း ကျွန်တော့်အယူအဆများ
သည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာ
ရာတိုင်းသည် ခေတ်နှင့်အညီတိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော်အားမနာ
စွာ အမေ့ကိုပြောဖြစ်ခဲ့သည်။ နောက်ပိုင်း အမေနှင့်ပြောဖြစ်သောစကားတိုင်းတွင်
ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး၊ စကားလမ်းကြောင်းလွှဲခြင်းများကို
လုပ်လာမိသည်။ ကျွန်တော်စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်
ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများပြုလုပ်မိသောအခါ အမေသည် ပြောလက်စ
စကားကိုရပ်ပြီး၊ တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့ှ်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ခုတင်အောက်မှာ
သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများသိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို
ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပ
ရောက်စဉ် ကျွန်တော်ရောက်ခဲ့ဖူးသမျှနိုင်ငံများတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများ
ပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်း
ထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွား
စေလိုသည်။

မျက်မှန်ထူကိုတပ်ပြီး စာဖတ်တိုင်းအားစိုက်ရတဲ့အမေ၊ သတင်းစာတစ်မျက်နှာ
ချင်းကိုကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲညှပ်ခဲ့သည်ဆိုတာကို
ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်
ယူမသွားချင်ပေ။ ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်း
လေးတစ်ခု လွင့်ကျသွားသည်။ ကျွန်တော့်ထက်ဦးအောင် အမေကကောက်ယူလိုက်
ပြီး၊ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ ဘာဖြတ်ပိုင်းလေးလဲမေမေ ကျွန်တော့်
ကိုပြပါလား။ အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ထွက်သွား
သည်၊ ကျွန်တော်ချက်ချင်းဖတ်ကြည့်လိုက်မိသည်၊ ငါအိုသွားသောအခါဟု
ခေါင်းစဉ်တပ်ထားသော ဆောင်းပါးလေးတစ်ပုဒ်ဖြစ်သည်၊ ဆောင်းပါးလေးမှာ

‘ငါအိုသွားတဲ့အခါ’

ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်း၊ ဟင်းတွေ
အင်္ကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့၊
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။ အပ်
ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်
တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ၊
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းက
ချော့တစ်လှည့်ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့။
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာကို
သတိရပေးပါ။ စိတ်သွားတိုင်းကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက
တစ်လှမ်းချင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီးသတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့၊ နောက်မညီဘဲ အကြောင်းအရာတွေကို
ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေငါပြောသမျှကို နားထောင်ပေးရင်
ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။ နားလည်
ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့
အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့
မေတ္တာတွေ တွေ့ရမှာပါ။


ကျွန်တော် မျက်ရည်မကျအောင်ထိန်းထားရင်း မနားတမ်းဆုံးအောင်ဖတ်လိုက်မိသည်၊ ကျွန်တော့်သေတ္တာထဲက အကောင်းဆုံးအ၀တ်တစ်စုံကိုထားခဲ့ပြီး၊ ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများကကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသောဖြတ်ပိုင်းလေး
မှာ ကျွန်တော်ဘယ်နေရာရောက်ရောက် ကျွန်တော့်အပါးက အမြဲမခွာတော့။ယခုထက်ထိ ထိုမှန်ပေါင်သွင်းထားသောဖြတ်ပိုင်းလေးမှာကျွန်တော့်စာကြည့်စားပွပေါ်တွင် ရှိနေသည်။ ကျွန်တော်နဲ့ဘ၀တူ အမိမြေကိုခွဲပြီး အမေနဲ့ဝေးနေသူများအတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်၊ အမြဲဖုန်းမဆက်နိုင်သော်လည်းအခါကြီး၊ ရက်ကြီးများတွင် အမေ့ထံဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သောဟင်းများကို စားချင်ကြောင်း . . . ။


နိုင်းနိုင်းစနေ

AddThis Social Bookmark Button


ပိုလာဝက်ဝံရဲ့  ပုံပြင်

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့  ပုံပြင်တစ်ပုဒ်ကို ကြားဘူးပါသလား... ?

အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမဲ့ အက်စကီးမိုး လူမျိုးတွေက ဘာမှ အင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့ သွေးကို ပုန်းတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင် ပစ်ထားလိုက်ရုံပါပဲ။

ပိုလာဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ ခံကောင်းတဲ့သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့ လျှာနဲ့အငမ်းမရ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့ သွေးကို သူတို့ သောက်နေမိမှန်းတောင်မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းနှာခေါင်းက လတ်ဆတ်တဲ့သွေးနံ့ရလေ လျက်နှုန်းကမြန်လေလေ နောက်တော့ ကိုယ်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးပဲ ဖမ်းလိုက်ယုံပါပဲ။

ဘဝရဲ့  ပျော်ရွှင်မှုတွေကို ရှာဖွေနေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့  ဟာလည်း ပိုလာဝက်ဝံနဲ့တူသွားနိုင်ပါတယ်။ တစ်ချို့ လူတွေက အလုပ်ချိန်များများလုပ်လေ ပိုအောင်မြင်လေလေ ဝင်ငွေများများရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့ အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ ၊ လူမှုရေး ၊ ကျန်းမာရေး ၊ လူတစ်ဖက်သားကို ကူညီဖို့အရေးဆိုတာတောင် သူတို့မေ့နေခဲ့ကြတယ်။

အမေရိကားရဲ့  အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွားရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဘူးတယ်။ မေးခွန်းက " တကယ်လို့ ဘဝကို အသစ်ကပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွှတ်ချင်ဆုံး အရာက ဘာလဲ " တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက " တကယ်လို့ ဘဝကို အသစ်က ပြန်စရရင် သားသမီးတွေနဲ့ အတူနေတဲ့ အချိန်ကို လက်မလွှတ်ချင်ဆုံးပါ " လို့ ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့ လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ် ။ ဒါပေမဲ့ မဆုံးဖြတ်ခင် သေချာမစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တရတတ်ကြစမြဲပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့...ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ပဲ ငွေနောက်ကိုပဲ ကောက်ကောက် ပါအောင် လိုက်ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ်သွေး ကိုယ်သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?????

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး ။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

သင်ရော ဘယ်လိုလူ ဖြစ်နေပြီလဲ? ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ပါဦး ။

AddThis Social Bookmark Button


Design by Amanda @ Blogger Buster