ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

လူရွှင်တော်

Wednesday, September 17, 2008

သူ့နာမည်က ကိုချွန်တွန်း။ လူတွေ အားလုံးက သူ့နာမည်ရင်းကို မသိတော့ပဲ nick name ပဲ သိကြတယ်။ သူ့အလုပ်အကိုင်က ဇာတ်ပွဲ ကပွဲတွေ မှာ လူရွှင်တော်လိုက်လုပ်တယ်။ ချွန်တွန်းဆိုတာ သူ့ရဲ့ လူရွှင်တော် နာမည်လို့ ပြောရင်လည်း မမှားဘူးပေါ့။ မြို့လေးမှာ ရှားရှားပါးပါး လူရွှင်တော် ဆိုလို့ ကိုချွန်တွန်းတစ်ယောက်ပဲ ရှိလို့ သူ့ကို လူတွေအားလုံးက ချစ်ကြတယ်။ သူကလည်း လူရွှင်တော်ပီသစွာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့ အခါတိုင်း ဟာသလေးတွေ နှောနှောပြီး ပြောတတ်တော့ ကိုချွန်တွန်းပါတဲ့ စကားဝိုင်းတိုင်းက တဝါးဝါး တဟားဟားနဲ့ ပျော်စရာလေးတွေ ဖြစ်နေတော့တာပေါ့။

ကိုချွန်တွန်းက လူပျိုတစ်ယောက် မဟုတ်ဘူး။ သူ့မှာ သားတစ်ယောက်ရှိတယ်။ ဇနီးလုပ်တဲ့ သူက မီးတွင်းထဲမှာပဲ ဆုံးသွားတော့ သူ့သားအတွက် သူကပဲ အမေ၊ သူကပဲ အဖေပေါ့။ လူရွှင်တော်ဆိုတော့ မြို့မှာ သိပ်နေရတယ် မရှိဘူး။ ဇာတ်ပွဲရှိတဲ့ မြို့ရွာတွေကိုလိုက်ပြီးကပြဖျော်ဖြေရတယ်။သားဖြစ်သူ လူမမယ် အရွယ်တုန်းကတော့ သူ့သားလေးကို ပြစ်ပြီး မသွားရက်တော့ မြို့ထဲမှာပဲ ရတဲ့ အလုပ်တွေကို ကြုံရာ ကျပန်းလုပ်ပြီး သားအဖနှစ်ယောက်အတွက် ဝမ်းစာရှာခဲ့ရတယ်။ သူ့သား ကြီးလာမှသာ သားဖြစ်သူကို အိမ်နီးနားချင်းတွေ ဆီမှာ အပ်ထားခဲ့ပြီး လူရွှင်တော် အလုပ်ကို တစ်ကျော့ပြန်လုပ်ခဲ့ရတယ်။

ကိုချွန်တွန်းက အတန်းပညာ မတတ်ခဲ့ပါဘူး။ ပညာမတတ်လို့ ဥစ္စာရှိလားဆိုတော့လည်း သားအဖနှစ်ယောက်နေဖို့အတွက် အိမ်လေး တစ်လုံးက လွဲပြီး ဘာမှ မရှိဘူး။ ဒါပေမဲ့ ကိုချွန်တွန်း စိတ်မညစ်သလို၊ ဝမ်းလည်းမနည်းခဲ့ဘူး။ သူ့မှာ ဘယ်သူနဲ့မှ မတူတဲ့ ဟာသ ဥာဏ်ရှိတယ်။ အခုလည်း သူ့ရဲ့မွေးရာပါ ပညာရပ်နဲ့ပဲ သူ့သားလေးကို ဆယ်တန်းအောင်,အောင်သင်ပေးနိုင်ခဲ့တယ်လေ။ကိုချွန်တွန်းက လူရွှင်တော် တစ်ယောက်ပီသစွာ လူများတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သလို၊သူကိုယ်တိုင်လည်းပျော်ပျော်နေတတ်တယ်။ ဘာကို မှ ဆုပ်ကိုင်မထားသလို၊ဘာမှလည်းမျှော်ကိုးမထားခဲ့ဘူး။အဲဒါတွေအားလုံးဟာ သူ့သားလေး မမွေးခင်ထိလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ဘာဖြစ်လို့လည်းဆိုတော့သူ့သားလေး ရလာပြီး ကတည်းက သူ့မှာ မျှော်လင့်ချက်ဆိုတာ ရှိလာခဲ့တယ်။ ရည်မှန်းချက်ဆိုတာပီပြင်လာခဲ့တယ်။ အဲဒါ သူ့သာကို အတန်းပညာတွေ တတ်တဲ့ ပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် လုပ်ပေးဖို့ပဲ။

ဒါပေမဲ့... သူ့သားကတော့ ကိုချွန်တွန်း လူရွှင်တော် အလုပ်လုပ်တဲ့အတွက် ဂုဏ်မယူခဲ့သလို၊သဘောလည်း မကျခဲ့ဘူး။ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေတဲ့ သူ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ ကြားမှာ ကိုယ့်အဖေက လူရွှင်တော်ပါလို့ ပြောရမှာကို သိမ်ငယ်တယ်လို့လည်း ခံစားရတယ်။

တက္ကသိုလ်ကျောင်းသား တစ်ယောက်အတွက် ကုန်ကြစရိတ်တွေ များလာတာနဲ့ အမျှ ကိုချွန်တွန်းရဲ့လူရွှင်တော် ကပြလို့ ရတဲ့ ဝင်ငွေလေးက မလောက်မင ဖြစ်လာခဲ့တယ်။ လူရွှင်တော် ဘဝဆိုတာလည်း ၁၂ရာသီလုံး ကပြဖျော်ဖြေနေရတာ မဟုတ်တော့ အားတဲ့ရက်တွေမှာ ကိုချွန်တွန်း ကြုံရာ ကျပန်းအလုပ် လုပ်ခဲ့တယ်။ သူ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ ပေါများတဲ့အတွက် အလုပ်ပေးမယ့် သူတွေ များတော့ အဆင်ပြေပါတယ်။ တစ်ခါတစ်လေ အရမ်းခင်တဲ့ မိတ်ဆွေတွေက သူတစ်ယောက်တည်း အလုပ်တွေလုပ်တာနဲ့ စာရင်၊သားအဖနှစ်ယောက် လုပ်မယ်ဆို ပိုပြီး အသက်ရှုချောင်တာပေါ့။သားလည်း အရွယ်ရောက်နေပြီပဲ။ ပေါ့ပေါ့ပါးပါး အလုပ်လေးတွေလုပ်ခိုင်းပါလားလို့ အကြံပေးမိရင်ကိုချွန်တွန်း ဘာပြန်ပြောသလဲဆိုတော့ "ကျုပ်သားက ပညာတတ်လေဗျာ. ခင်ဗျားတို့ ပြောတဲ့ ပေါ့ပေါ့ပါးပါး အလုပ်ဆိုတာလည်း သူများခိုင်းတာ လုပ်ပေးရတာပဲမလားဗျ။ ကျုပ်သားကသူများခိုင်းတာကိုလုပ်ဖို့အတွက် မဟုတ်ဘူး။ သူများတွေကို ဟောဒီလို ဟောဒီလို လက်ညှိုးထိုးပြီး ခိုင်းရမယ်သူဗျ.ဟဲ..ဟဲ""ပြီးတော့ဗျာ...လူရွှင်တော် တစ်ယောက်ဘဝမှာ မလုပ်တတ်တာမရှိသလို၊ မလုပ်နိုင်တာလည်း မရှိပါဘူး။ ကျုပ်သားတစ်ယောက် ပညာတတ်ဖြစ်ဖို့အတွက်တော့ ကျုပ်ကြိုးစားပေးနိုင်ပါတယ်"

လူတွေအားလုံး ကိုချွန်တွန်းရဲ့ မိဘ မေတ္တာကို နားလည်ပေးနိုင်ကြပေမဲ့ ၊ သူ့သားကိုတော့ နားလည်မပေးနိုင်ခဲ့ကြဘူး။ အခုဆိုရင် ကိုချွန်တွန်း အသက်က ၄၀ကျော်လို့ ၅၀နားကပ်နေပြီ။ ကိုချွန်တွန်းကလုပ်နိုင်ပါတယ် ဆိုပေမဲ့ ဇရာအရတော့ ပင်ပန်းလာတာ အမှန်ပဲလေ။ ဒါကို တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့ သူ့သားအတွက် မသိစရာ အကြောင်းမရှိပါဘူး။ သိသိကြီးနဲ့ ဥပေက္ခာ ပြုထားခြင်းပဲလား။

ကံကြမ္မာဆိုတာကလည်း အခက်သား။ ကံဆိုးမ သွားရာ ၊ မိုးက လိုက်ရွာတတ်သလို၊ အခုလည်း ကိုချွန်တွန်း အပေါ် ကျရောက်လာတယ်။ အဲနေ့က သားလုပ်သူ ကျောင်းပိတ်တုန်း အိမ်ပြန်လာပြီး သူငယ်ချင်းတွေ ဆီ အလည်သွားရင်း၊ သောက်ကြစားကြနဲ့ ညမိုးချုပ်တဲ့အထိ ပြန်မလာတော့ ကိုချွန်တွန်း မှာ သားပြန်အလာကို စောင့်မယ်ဆိုပြီး အိမ်အပြင်ဘက်က တန်းလျားလေးပေါ်မှာ အိပ်ရင်းစောင့်နေလိုက်တာ မနက်မိုးလင်းတော့ သူ့ခန္ဓာကိုယ် ညာဘက်အခြမ်းက လှုပ်လို့မရတော့ဘူး။ ကိုချွန်းတွန်း လေဖြတ်သွားတယ်။ ( အဲနေ့က သူ့စောင့်နေတဲ့ သားကတော့ သူငယ်ချင်းတွေ အိမ်မှာမူးပြီး အိပ်ပျော်နေခဲ့တယ် )

နီးစပ်ရာ ဆေးမြီးတိုတွေနဲ့ ကုပေမယ့်လည်း ဖြစ်ချိန်တန်လို့ ဖြစ်လာရတဲ့ ကိုချွန်တွန်းရဲ့ ရောဂါက ပျောက်မသွားခဲ့ဘူး။ ဖြစ်ခါစကလို အဆိုးကြီး မဟုတ်တော့ပဲ.. လမ်းလျှောက်လို့ရတယ် ဆိုပေမဲ့ညာဘက်ခြေထောက် တစ်ဘက်ကတော့ လမ်းလျှောက်ရင် တရွတ်တိုက် ဆွဲနေသလို၊ ညာဘက်လက်ကလည်း ဘေးမှာ တွဲလောင်း တွဲလောင်း ကျနေတယ်။

ကိုချွန်တွန်း ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ အသက်ရှင်နေသေး သရွေ့ သူ့သားကို ပညာတတ်အောင် သင်ပေးမယ်။ သူ့သား ကျောင်းပြီးဖို့ကလည်း တစ်နှစ်ပဲ ကျန်တော့တယ်လေ။ဘာဖြစ်လို့ သားကို ကျောင်းပြီးအောင် မထားနိုင်ရမှာလဲဆိုတဲ့ ဆုံးဖြတ်ချက်က ကိုချွန်တွန်းအတွက် အင်အားတွေ ဖြစ်စေခဲ့တယ်။ မနက်ကျ သားစိတ်နဲ့ တက်ကြွနေတဲ့ ကိုချွန်တွန်း တစ်ယောက် အရင်ကထက် ပိုပြီး လမ်းလျှောက်နိုင်ခဲ့တယ်။ စကားပြောရင်တော့ ဝူးဝါး ဝူးဝါးနဲ့ သိပ်မသဲကွဲဘူး။

နောက်ဆုံးနှစ်ကျောင်းသားကြီးကတော့ လေဖြတ်နေတဲ့ အဖေ့ ဝေယျဝစ္စတွေ လုပ်ပေးရမှာ ရှက်တဲ့စိတ်နဲ့ ကျောင်းဖွင့်ရင် စာတွေက ခက်တော့မှာမို့ ကြိုပြီး လေ့လာထားရမယ်ဆိုပြီး ကျောင်းကို ပြန်သွားခဲ့တယ်။ ကိုချွန်တွန်း...နားလည်ခဲ့ပါတယ်။ဒါပေမဲ့...သူကအဖေပဲလေ...ဘာပဲဖြစ်ဖြစ်မိဘဝတ္တရား

ကျေရမှာပေါ့။

နောက် မကြာခင်ရက်ပိုင်းအတွင်းမှာပဲ လူရွှင်တော် မလုပ်နိုင်တော့တဲ့ ကိုချွန်တွန်းကို ဘောလုံးကွင်း၊သဘောင်္ဆိပ်၊ရုပ်ရှင်ရုံနဲ့လူစည်ကားရာ နေရာတွေမှာ ကွမ်းယာဗန်းလေးကို လည်ပင်းမှာ ချိတ်ပြီးလိုက်လံ ရောင်းနေတာ တွေ့ခဲ့ရတယ်။

အရင်ကလို သွက်သွက်လက်လက် မလုပ်နိုင်တော့ပေမဲ့ ၊ မပျက်စီးသေးတဲ့ သူ့ခန္ဓာကိုယ် တစ်ပိုင်းကတော့ သားအတွက် တက်ကြွနေတုန်းပါပဲ။ ဝူးဝူး ဝါးဝါး အသံနဲ့တွဲလောင်းကျနေတဲ့ ညာဘက် လက်တစ်ဘက်က သူ့အတွက် ကပြဖျော်ဖြေစရာ ပစ္စည်းတွေများလား။

အရင် လူကောင်းပကတိ ဘဝမှာတောင် သားအတွက် ပိုက်ဆံကို အလုပ်မျိုးစုံလုပ်ပြီး ရှာခဲ့ရတာ။ အခုလို လူရွှင်တော်လည်း မလုပ်နိုင် ကျပန်းအလုပ်ကျလည်း အလုပ်မရွေးမလုပ်နိုင်တော့တဲ့ ကိုချွန်တွန်းအတွက် အရင်ကထက်ပိုပြီး ကြိုးစားခဲ့ရတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ ကွမ်းယာဗန်းလေး လည်ပင်းမှာ ဆွဲပြီး ထွက်၊ မြို့အနှံ့ (ကြိတ်ဝိုင်းတွေ ပါမကျန်) လိုက်လံရောင်းချပြီး။ ညကျတော့ ရုပ်ရှင်ရုံနဲ့ဗွီဒီယိုရုံတွေက သူ့အတွက် ပြောင်ူးးဖုတ်၊မြေပဲလှော် တို့ ရောင်းစရာနေရာတွေပေါ့။

ရွာက လူတွေကတော့ ကိုချွန်တွန်းရဲ့ မိဘမေတ္တာကို လေးစားသလို၊ ပင်ပန်းကြီးစွာ ပိုက်ဆံရှာနေရတဲ့ သူ့ကို သနားတဲ့အတွက် သူရောင်းသမျှတွေကို မစားချင်တာတောင် ဝယ်စားပေးခဲ့ကြတယ်။ပိုက်ဆံကို လုပ်နိုင်သလောက် ရှာ၊ ရှာနိုင်သမျှ စုနေတဲ့ ကိုချွန်တွန်းရဲ့ စားဝတ်နေရေးကလည်း အိမ်နီးနားချင်းတွေ တစ်ခါတစ်ရံပေးတတ်တဲ့ ထမင်းကြမ်းလေး တစ်ခဲ၊ဟင်းလေးတစ်ခွက်နဲ့ ပြီးခဲ့ရတဲ့ နေ့တွေ ရှိသလို၊ အပြင်မှာပဲ မုန့်လေးပဲလေး ဝယ်စားပြီး တင်းတိမ်ခဲ့ရတဲ့ နေ့တွေလေး မရေတွက်နိုင်ခဲ့ဘူး။ ဘေးလူတွေကတော့ ကိုချွန်တွန်း အတွက် တက်တစ်ခေါက်ခေါက်၊ အံတစ်ကြိတ်ကြိတ် ဖြစ်နေပေမဲ့ ကာယကံရှင် ကိုချွန်တွန်းကတော့ မကြာခင်မှာ ဘွဲ့ဝတ်စုံကြီးဝတ်ပြီး ပညာတတ်ကြီး ဖြစ်လာတော့မယ့် သူ့သားရဲ့ ရုပ်ပုံလွှာကို မြင်ယောင်ရင်း တက်ကြွနေခဲ့တယ်။

ဒါပေမဲ့ ကိုချွန်တွန်းတစ်ယောက် ဘွဲ့ဝတ်စုံကြီး ဝတ်ပြီး၊ ပညာတတ်ကြီး ဖြစ်သွားတဲ့ သူ့သားကို တွေ့ခွင့်မရလိုက်ရှာဘူး။ ပူပြင်းလှတဲ့ အညာနွေရဲ့ နေ့လယ်ခင်းတစ်ခုမှာ ကိုချွန်တွန်းကို လမ်းပေါ်မှာ လဲကျနေတာ တွေ့ခဲ့ရတယ်။ သူ့ဘေးမှာလည်း ကွမ်းယာဗန်းလေးထဲက အရာတွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတယ်။ကိုချွန်တွန်း ဦးနှောက်သွေးကြော ပြတ်သွားတာတဲ့။

အသက်နဲ့ရင်းပြီး သားကို ပညာတတ်ကြီး ဖြစ်အောင် သင်ပေးနိုင်ခဲ့တဲ့အတွက်တော့ ကိုချွန်တွန်း ကျေနပ်ခဲ့မယ် ထင်ပါတယ်။ ဖခင်တစ်ယောက်ရဲ့ အသက်နဲ့ ရင်းပြီး ရယူခဲ့ရတဲ့ ပညာအမွေကရော သားဖြစ်သူအတွက် တန်ခဲ့ရဲ့လား။


AddThis Social Bookmark Button


Design by Amanda @ Blogger Buster