ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ဟောဒီက Tag ဗျို့

Monday, September 29, 2008

ပထမဆုံး ကျေးဇူးတင်ရမှာက - ဒီပို့လေးကို ရေးခိုင်းတဲ့ မကြီး မ၀ါ နဲ့ သူငယ်ချင်း မီးလေး ( ပေါင်းရေးလို့ စိတ်မဆိုးရဘူးနော် အဟီး )
ပထမဆုံး သောက်ရတဲ့ အရာ - အမေ့နို့လား ၊ ရေလားမသိဘူး။ နှစ်ခုထဲက တစ်ခုတော့ သေချာတယ်။
ပထမဆုံး စားရတဲ့ ထမင်းက - ထမင်းစားနိုင်တဲ့ အရွယ် ပထမဆုံးနေ့ရဲ့ ပထမဆုံး အလုတ်
ပထမဆုံးနေခဲ့တဲ့ မြို့က - အခုလည်း အဲမှာပဲ နေပါတယ်။
ပထမဆုံးကျောင်း - အ-မ-က(၃) အခြေခံပညာ မူလတန်းကျောင်း
ပထမဆုံး အတန်းကတော့ - မူကြိုပေါ့. ပြီးမှ ကြက်ချေးတန်း
ပထမဆုံး သူငယ်ချင်း - မူကြိုက သူငယ်ချင်း ၊ နာမည်က အာကာ (သူ့ဘယ်ဘက်လက်လေးမှာ လက်ချောင်းလေးတွေ မပါဘူး) အခုတော့ ဘယ်ရောက်နေတယ် မသိတော့ပါဘူး။
ပထမဆုံး ဖတ်မိတဲ့ကာတွန်းကတော့ - ရွှေသွေးလား၊တေဇလား၊မိုးသောက်ပန်းလား မမှတ်မိတော့ပါ။
ပထမဆုံး ရတဲ့ဆု - ပြောရင် ယုံမလား မသိဘူး . ( ယုံလိုက်ပါ ) ဆုကို မရဘူးတာ အဟား ။
ပထမဆုံး အရိုက်ခံရခြင်းတဲ့ - ရိုက်လို့ရတဲ့ အရွယ်ဆိုကတည်းက အရိုက်ခံရတာပဲ . (အဟီး)
ပထမဆုံး သွားဖူးတဲ့ ခရီး - မုံရွာမြို့ကိုပါ။
ပထမဆုံး စီးဘူးသောကား - ထော်လာဂျီ 
ပထမဆုံး ဆိုတဲ့ သီချင်း - ………..how are u ?.how are u ? very ,very thank u , very ,very thank u how are u…how are u …(အစ စာလုံးကိုတောင် အသံပဲ ထွက်တတ်တော့တယ်. ဘယ်လို စာလုံးပေါင်းမှန်း မသိတော့လို့ မရေးနိုင်ဘူး :P)
ပထမဆုံးရေးဘူးတဲ့ ကဗျာ - အမေ ကဗျာ
ပထမဆုံး ရေးဘူးတဲ့ ရည်းစားစာ - ရေးဘူးတာပေါ့ ။ (ဒါပေမဲ့ မပြောပါဘူး) :P
ပထမဆုံးရသော ရည်းစား - လျှောက်ပြန် သံပေး၊ ခြေအေး ၀မ်းယောင်ဆိုတာ အနော့်ကို ပြောတာ။
ပထမဆုံး ရဘူးသော လက်ဆောင် - ဖေဖေ နဲ့ မေမေက ၀ယ်တော့ ပေးနေတာပဲ . ဒါပေမဲ့ ဘယ်တုန်းကမှ သားကြီး အတွက် လက်ဆောင်ရယ်လို့ မပြောဘူးခဲ့တော့ …ဘယ်လို ပြောရမယ်ကို မသိဘူး။
ပထမဆုံး ရောက်ခဲ့သော နိုင်ငံခြား - ရှရာပိုဗာ ခေါ်လို့ သာ လာရတာ. သိပ်တော့ စိတ်မပါလှဘူး။ မလာရင် ငိုပါမယ် တကဲကဲ လုပ်နေလို့လေ။
ပထမဆုံး လေယာဉ်က လည်း - အဲတုန်းက မှ စီးဘူးတာ.
ပထမဆုံး တစ်ယောက်တည်း ခရီးသွားရတာ - ရန်ကုန်ကနေ အိမ်အပြန်(တော်တော်လေး ပျော်တာ)
ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ်၊အရက် - ဒုတိယနှစ်မှ စပြီး ဆေးလိပ် ခိုးသောက်တတ်တာပါ။ အရက်ကတော့ ကျောင်းဆင်းပွဲညမှ သောက်ဘူးပါတယ်။
ပထမဆုံး ဆေးရုံတက်ရတာ - ပြင်ဦးလွင်မှာ သင်တန်းတက်နေတုန်းကပါ. ဆေးအခေါ်အဝေါ်အရ Bell Percil လို့ ( ထင်ပါတယ် ) ပါးစပ်တစ်ခြမ်း လေဖြတ်သလို ဖြစ်သွားတာပါ. ဘယ်တုန်းကမှလည်း ရောဂါ မရှိခဲ့ဘူးတော့ အဲလို ဖြစ်မယ်လည်း မထင်ဘူး။ ဖြစ်နေတာ သိသိကြီးနဲ့ ပေတေနေတာလေ. ကံကောင်းလို့ အဲနေ့က သင်တန်းမှုးနဲ့ Table Tenis ကစားနေရင်းမှ .. မင်း ပါးစပ်က ဘယ်လို ဖြစ်နေတာလဲကွဆိုပြီးမေးမှ ဟုတ်တယ်လို့ပြောလိုက်မှ သင်တန်းမှုးက မင်း အဲဒါလေဖြတ်ချင်လို့ဟ ဆိုပြီး သံပရာသီးတွေ ချက်ချင်းယူပြီး ပွတ်ခိုင်း၊ ပြီးတာနဲ့ ဆေးရုံတက်ခိုင်းတော့တာပါပဲ ခင်ဗျာ. သင်တန်းမှုးသာ မပြောခဲ့ရင် အခုချိန်ဆို ကိုချွန်တွန်း ဖြစ်နေလောက်ပြီ အဟား။
ပထမဆုံး ကြည့်ဖူးသော ရုပ်ရှင် - “တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်၊ အဟုတ်ဖြစ်ရမည်” ဇာတ်ကားနာမည် ဟုတ်လား မဟုတ်လား မသိပါ. ကောလိပ်ဂျင်နေ၀င်းနဲ့ ကျော်ဟိန်းတို့ပါတဲ့ စိတ်ခွန်အားဖြစ်စေတဲ့ ကားလေးပါ။ ကားနာမည်ကို မမှတ်မိပေမဲ့ ကောလိပ်ဂျင်နေ၀င်း ပြောသွားတဲ့ အထက်ပါ စကားလေးကတော့ ကျွန်တော့်အတွက် အမြဲအမှတ်ရနေစေလို့ပါ. အဲဒီ ဇာတ်ကား အရင်က ကြည့်ဘူးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ မှတ်မိတာတော့ အခုကားလေးပါပဲ။
ပထမဆုံး ဖတ်မိတဲ့ ၀တ္ထု - ဆားပုလင်း နှင်းမောင်နှင့် မြိုင်ရာဇာတာတေ။
ပထမဆုံး ကျောင်းစပြေးခဲ့တာ - ၁၀တန်း နှစ် ၊ နေ့ခင်းချိန် မတက်ပဲ ဗွီဒီယိုသွားခိုးကြည့်တယ်။ အဲကားလေးကိုလည်း ကြိုက်လို့ မှတ်မိနေဆဲပါ။ “ကျွန်တော် ချစ်သော မိန်းမများ”
ပထမဆုံး ကြိုက်နှစ်သက်ခဲ့သော သီချင်း - ဗဒင်ရဲ့ သိုးမည်းတွေ အကြောင်း၊ ငယ်ငယ်က အဲသီချင်းလေးကို အလွတ်ကျက်ပြီး ဆိုခဲ့ပါတယ်။
ပထမဆုံး ထိုင်ဖူးသော လ္ဘက်ရည်ဆိုင် - ပွင့်ဦး လ္ဘက်ရည်ဆိုင် ( ကျားထိုးတယ်၊ကောင်မလေးတွေ ငေးတယ် ):P
ပထမဆုံး ခင်တဲ့ ဘလော့ဂါ - အိမ်လေး
ပထမဆုံး ဂစ်တာတီးတာ - ဒုတိယနှစ်မှ ပါ။
ပထမဆုံး လည်ပတ်ဘူးသော ဘလော့ - ကိုအောင် နဲ့ မနိုင်းနိုင်းစနေ
မကြီးနဲ့ မီးလေးကလည်း အကြွေးတောင်းနေပြီ၊ ရေးပြီးတာက ၂ရက်ရှိပါပြီ။ အင်တာနက် မရလို့ မတင်နိုင်ပဲ ဒီတိုင်းလေးပြစ်ထားတာ ဒီနေ့မှ ရလို့ တင်နိုင်တယ်လေ။ မကြီးနဲ့ မီးလေးရေ.. နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်။

AddThis Social Bookmark Button


ရင်ခွင်တစ်စုံ

Monday, September 22, 2008

ကြောက်ဖျား ဖျားနေပါပြီ မကြီးရေ..လို့ ပြောတာလည်း မရ . မအားလို့ ပါဆိုတော့လည်း အေးဆေးပေါ့ဆိုတော့ အောင်မယ်လေး ဒီပို့ကို ဘယ်လိုနည်းနဲ့မှ ရှောင်လို့ မရတော့ပါလားဆိုပြီး ရှက်ရှက်နဲ့ပဲ ( အနော်က အရမ်း ရှက်တတ်တာ ) ရေးလိုက်ရတယ်။ ဒီက ရည်းစားမရှိ လူပျိုအဖြစ် လုပ်စားမလို့ကို မကြီး လုပ်တာနဲ့ လုပ်စားလို့ မရတော့ဘူး။ ဟီးဟီး။ ကဲ…လက်ရှောင် ပေါက်ကောင်ဖော်မယ်။ အသည်းငယ်သူများ မဖတ်ရ။


ကျွန်တော့် ဂျီတော့ထဲမှာ ဘယ်သူအပ်ထားမှန်း မသိတဲ့ နစ်လေးတစ်ခုက လက်ခံပေးဖို့ တောင်းဆိုနေတာလေး တွေ့လိုက်ရတယ်။ ဘယ်သူဘယ်ဝါမှန်း မသိပေမဲ့ လက်ခံခဲ့တယ် ( ဘယ်သူလဲဆိုတာ သိချင်လို့ ) ။

“ယူက ဘယ်သူလဲမသိဘူး……ဘယ်လိုလုပ်ပြီး ကျွန်တော့် အကောင့်ကို ရသွားတာလဲ”
“ဟင် … ဒီလိုပါပဲ”

သူပြောပြဖို့ အခက်တွေ့နေတယ်ဆိုတာ နားလည်လိုက်ပါတယ်။ သူများမပြောချင်တာကို အတင်းမေးတဲ့ အလိုက်မသိတတ်တဲ့လူက ကမ္ဘာပေါ်မှာ အဆိုးဆုံးပဲလေ။ ကျွန်တော်မမေးတော့ပါဘူး။ သူ့ဘာသာ ဘယ်ကရရ .. အကြောင်းရှိလို့ အပ်ထားတာပဲနေမှာပေါ့ ဆိုပြီး သူဘယ်ကလဲ ၊ ဘာလုပ်တာလဲ ၊ အသက်ဘယ်လောက်ရှိပြီလဲစတဲ့ အွန်လိုင်းလောကရဲ့ မေးရိုးမေးစဉ် မေးခွန်းတွေမေးခဲ့ပေမဲ့ သူမကတော့“ဒီလိုပါပဲ” ဆိုပြီး စကားလမ်းကြောင်းလွှဲလွှဲသွားတတ်တယ်။ မထူးပါဘူး..ကျွန်တော်မေးတာ သူ မဖြေတော့လည်း သူမေးတာ ကျွန်တော်ဖြေရတော့မှာပေါ့။

သူမနဲ့စပြီး စကားပြောဖြစ်ခဲ့တယ်။
“ဟဲလို…ဟုတ်ကဲ့ရှင့်..ပြောပါ”
တစ်ကယ်ကို အဲလောက်ယာဉ်ကျေး သိမ်မွေ့စွာပြောလာမယ်လို့ ထင်မထားခဲ့ဘူး။ ကျွန်တော် ဘာပြောရမယ် မသိဖြစ်သွားတယ်။ သူမနဲ့ စကားပြောနေတဲ့ အချိန်တွေအားလုံး သူမက လူကြီးဆန်ဆန် နဲ့ နူးညံ့စွာပဲ ပြောခဲ့တာ သတိထားမိတယ်။

အဲလိုနဲ သူမနဲ့ ကျွန်တော် အွန်လိုင်းမှာ နေ့တိုင်းတွေ့ဖြစ်ခဲ့ကြတယ်။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်လည်း ပိုပြီး နားလည်လာကြသလို အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့တယ်။ သူမ မှာ အဆင်မပြေတာတွေ ရှိလာရင်၊ ဝမ်းနည်းစရာတွေ ရှိလာရင် ကျွန်တော်က သူမအတွက် နှစ်သိမ့်ပေးတဲ့၊ ပျော်ရွှင်အောင် လုပ်ပေးတတ်ပြီး ကျွန်တော် စိတ်ညစ်စရာတွေ ရှိလာရင် သူမက အကျိုးအကြောင်းရှင်းပြပြီး နှစ်သိမ့်ပေးခဲ့တယ်။

“သူငယ်ချင်းဘဝဆိုတာ အဖြူရောင်ချယ်ထားတဲ့ အိပ်မက်လေးပါ”

သူငယ်ချင်းဘဝမှာ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ သူမနဲ့ တွေ့ဖြစ်နေကျ ညတွေတိုင်းကို အမြန်ဆုံး ရောက်ချင်နေခဲ့တယ်။ ညရောက်ပြီဆိုတာနဲ့ နစ်လေးဖွင့်ပြီး သူမကို စောင့်နေမိတယ်။ သူမလည်း ကျွန်တော်လိုပဲနေမှာပါ။ တစ်ခါတစ်လေ သူမ မအားရင် မလာဖြစ်တဲ့အကြောင်း မေလ်းလေးတော့ ချန်ထားမြဲပါပဲ။ အဲလို သူမ မလာဖြစ်တဲ့ နေ့ဆိုရင် ကျွန်တော် ဘာလုပ်လို့ ၊ ဘာကိုင်ရမယ် မသိတော့ဘူး။ စာပဲ ကျက်ရမလို၊ ထပဲ အော်ပြစ်ရမလိုလို၊ အိပ်ပဲ အိပ်လိုက်ရမလိုလိုနဲ့ ရင်ထဲမှာ ဟာတာတာကြီးနဲ့ တစ်ခုခု လိုနေ သလိုကြီးခံစားလာရတယ်။

ကျွန်တော် ဘာဖြစ်နေတာလဲ။ သူမကို အရမ်းခင်လို့ အခုလောက်ထိ သံယောဇဉ်တွယ်နေတာလား။ ဒါမှ မဟုတ် သူမကို ချစ်နေမိတာလား။

အချစ်ဆိုတာ ရင်းနှီးမှုကနေ စလာတာ လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် သူမကို ချစ်နေမိပြီလား။ မချစ်သေးဘူးလားဆိုတာ သေချာ စဉ်းစားမရခဲ့ဘူး။ သေချာတာ တစ်ခုကတော့ ကျွန်တော့် ရင်ထဲမှာ သူမ မရှိရင် မနေတတ်ဖြစ်နေခြင်းပါပဲ။

“ကောင်မလေးရေ..ငါ့ရင်ဘတ်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေပါကွာ။ ရင်ခုန်သံတွေ မြန်လာအောင် မကစားပါနဲ့”

ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ပြီး ၆လ အကြာ ( ဖေဖော်ဝါရီ ၁၄ ရက် ၊ ချစ်သူများနေ့ ) မှာ သူမနဲ့ကျွန်တော် အွန်လိုင်းမှာ တွေ့ဖြစ်ခဲ့တယ်။ အဲနေ့မှာ အမှတ်တရလေး ဖြစ်သွားအောင် ဆိုပြီး ကျွန်တော် သူမကို Propose လုပ်ဖို့ စိတ်ကူးထားခဲ့တာ။ ဒါပေမဲ့ တစ်ကယ်တမ်း သူမနဲ့ တွေ့ဖြစ်တော့ ဘယ်လို မှ ပြောမထွက်ဘူး။ ရင်တွေ အရမ်းခုန်လာသလို၊ ခြေဖျားလက်ဖျားတွေလည်း အေးလာတယ်။ ကိုယ်က မဟုတ်တာ လုပ်တော့မှာကိုး။။။ အဖြူရောင်သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို ကူးပြောင်းပေးဖို့ ဘယ်လို အင်အားနဲ့ ပြောရမှာလဲ။ သူမကရော ဘယ်လို ထင်မလဲ။ စိတ်ဆိုးသွားရင် အရမ်းခင်နေတဲ့ သူငယ်ချင်းလေး ဘဝတောင် မရတော့မှာ အရမ်းစိုးရိမ်နေခဲ့တယ်။

“မင်းကို ကိုယ်အရမ်းချစ်တယ်” ဆိုတဲ့ စာလေးက အဆင်သင့် ရိုက်ပြီးသား Enter လေး နှိပ်ဖို့ပဲ ကျန်တော့တယ်။ အဲဒီ အချိန်လေးက ကျွန်တော့် ဘဝမှာ ရင်အခုန်ဆုံးပါလို့ ပြောရင် မမှားဘူးလို့ထင်ပါတယ်။ သူမ ဘာတွေ ပြောနေတယ် ဆိုတာလည်း မသိတော့ဘူး။ ကိုယ့် အတွေးနဲ့ ကိုယ်ကိုပဲ တစ်ယောက်တည်း ရူးနေတာ။ Enter လေး နှိပ်မယ်လုပ်ပြီး မှ ရိုက်ထားတာလေးကို ဖျက်ပြစ်လိုက်၊ ပြန်ရေးလိုက်တဲ့ ဂနာမငြိမ်ဖြစ်နေတယ်။ နောက်ဆုံး ဖြစ်ချင်တာ ဖြစ်တော့ဆိုပြီး ဆုံးဖြတ်ချက်ချပြီး တာနဲ့ ကျွန်တော် သူမကို ချစ်တယ် ဆိုတဲ့ စာလေး ပြန်ရေး.. ဘာမှ စဉ်းစားမနေတော့ပဲ Enter ကို မျက်လုံး မှိတ်ပြီး ရိုက်ချလိုက်တယ် ။ ( အဲလို သတ္တိကောင်းတာ )

“ကောင်မလေး … နင် ငါ့ကို စိတ်ဆိုးသွားပြီလား”
မနေ့ညက သူမကို ချစ်တယ်ပြောပြီး နောက်နေ့မနက် သူမဆီ ဖုန်းဆက်ခဲ့တယ်။
“ဟင့်အင်”
“ဟာ .. ဒါဆို စိတ်မဆိုးဘူးပေါ့ ဟုတ်လား” ကျွန်တော်ကလည်း သိတယ် မလား လူလည် ချက်ဖောင်းပဲလေ ရလာတဲ့ အခွင့်အရေးကို အမိအရ ယူတာပေါ့။ ဒါပေမဲ့…မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့တယ်လေ။
“မဟုတ်ပါဘူး … ကိုယ့်ကိုကိုယ် စိတ်ဆိုးနေတာပါ”
“ဟမ်.. ဘာဖြစ်လို့လည်း”
“အော် … အဲလို ပြောဖြစ်အောင် ကိုယ်ကပဲ အနေအထိုင်မတတ်ခဲ့လို့လားလို့ပါ”
“ယူ့မှာ ဘာအပြစ်မှ မရှိပါဘူး … ရည်းစားစကားအပြောခံရအောင် အနေအထိုင်မတတ်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ်”

ကျွန်တော် မနည်းရှင်းပြလိုက်ရတယ်။ ရည်းစား စကားပြောခံရတာ အဲလို ကိုယ့်ကိုကိုယ် အပြစ်တင်ရမယ့် အရာ မဟုတ်တဲ့ အကြောင်း၊ ကိုယ် ဘယ်လိုပဲ နေနေ စိတ်ဝင်စားတဲ့ သူကတော့ ပြောလာမှာပဲလေဆိုပြီး တွေ့ကရာလျှောက်ပြောပြီး ရှင်းပြလိုက်ရတယ်။ (ကိုယ်က Propose လုပ်ထားတဲ့ သူကိုးးးးးးးးးးးးး။ )

နောက်ဆုံး သူမဆီက စဉ်းစားပေးပါ့မယ်ဆိုတဲ့ လက်သုံးစကားနဲ့ နှစ်သိမ့်ပေးလိုက်တယ်။ ဘယ်တော့ ပေးမှာလဲ လို့ မေးကြည့်တော့ ပြန်လာရင်ပေးပါ့မယ်တဲ့ ။ သေစမ်းဟဲ့ ... နန္ဒိယ ကျွန်တော် မြန်မာကို ပြန်ဖို့က ၂ နှစ် ခွဲတောင် ကျန်သေးတယ်။ အဲလောက်ကြီးတော့ မလုပ်နဲ့လေဆိုပြီး သူမနဲ့ တွေ့တိုင်း ဈေးဆစ်တယ်။ သူမကလည်း ခေါင်းမာတယ်။ တစ်ပြာသားမှ မလျှော့ဘူး။ ဈေးဝယ်သလို မလျှော့ပေးရင် မယူတော့ဘူး ဆိုပြီး လှည့်ပြန်သွားလို့ကလည်း မရနဲ့ (အညာစကားနဲ့ ပြောရရင်) တော်တော် ဂွကျနေပြီ။

နောက်ဆုံး ဇနကထုံး နှလုံးမူပြီး မလျှော့သောဇွဲနဲ့ ဈေးဆစ်တာကြောင့် နောက် ၆လ အကြာမှာပဲ သူမဆီက အဖြေကို ရခဲ့တယ်။

အခုဆိုရင် ကျွန်တော် တို့ ချစ်သူတွေ ဖြစ်ခဲ့တာလည်း တစ်နှစ်ပြည်ပြီး သွားပါပြီ။ ချစ်သူ ဖြစ်ခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေ ရှိသလို၊ ပြသာနာဖြစ်တဲ့ နေ့တွေလည်း ရှိခဲ့တာပါပဲ။ သံယောဇဉ် အရမ်းကြီးပြီး အလေးအနက်ထားတတ် တဲ့ သူမ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး မာနမရှိတဲ့ ကျွန်တော်၊ အရာရာက လွဲမှားစွာ ရှိနေပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး နားလည်ပေးခဲ့ကြပါတယ်။

“ချစ်သူဘဝဆိုတာ တစ်သက်လုံး စိတ်ချမ်းသာစွာ နေနိုင်ဖို့ အတွက် ချစ်သူနှစ်ယောက် ကြိုတင်ပြင်ဆင် လေ့ကျင့်နေတဲ့ ကာလပါပဲ”

ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အရင်ကထက် ပိုပြီး နားလည်ပေးခဲ့တယ်။ ပြသာနာ တစ်ခု ဖြစ်လာရင် နှစ်ယောက်တူတူ စဉ်းစားဆုံးဖြတ်တယ်။ ကျွန်တော့် အပေါ်မှာ သူမ အရမ်း နားလည်ပေးတယ်။ ကျွန်တော် ဘာပဲ လုပ်လုပ် ခွင့်လွှတ်ပေးတတ်တဲ့ သူမရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့
အတွက် ကျွန်တော် ကျေနပ်သလို၊ သူမ အပေါ်မှာ ထားတဲ့ ကျွန်တော့် အချစ်အတွက်လည်း သူမ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ကျွန်တော် သူမကို ချစ်တယ်။ ဘယ်တော့မှလည်း ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး တစ်ခါတစ်လေမှာ ကိုယ်ကြောင့် မင်း နာကျင်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်. ဒါပေမဲ့ မင်းကို နာကျင်စေချင်တဲ့ ဆန္ဒ ကိုယ့်မှာ တစ်စိုးတစ်စိ မှ မရှိပါဘူး။

ကိုယ်ကတော့ မင်းဆီက ရခဲ့တဲ့ အရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ချစ်တယ် ဆိုတဲ့ စကား အပါအဝင် မင်းပေးခဲ့တဲ့ အရာ အားလုံးဟာ ကိုယ့်အတွက် လက်ဆောင်တွေပါပဲ။ ထာဝရ အတွက်ပါ။ ကိုယ့်ဘဝမှာ ဘယ်တုန်းကမှလည်း မင်းအပေါ်ကို အပြစ်မမြင်ရက်ခဲ့ပါဘူး။ (သူက ဘာအပြစ်မှ မှ မလုပ်တာ။ လုပ်တာက ကျွန်တော် :P )


“ကောင်မလေးရေ … မင်းကိုပေးဖို့
ငါ့မှာ ရင်ခွင်တစ်စုံပဲ ရှိပါတယ်။
မင်း ပင်ပန်းနေရင်…
အဲဒီ ရင်ခွင်မှာ နားခိုပါ။
မင်း ဝမ်းနည်းနေရင်…
အဲဒီ ရင်ခွင်ထဲမှာ ငိုကြွေးပြစ်လိုက်ပါ။
မင်း အားငယ်နေရင်…
အဲဒီ ရင်ခွင်က…နှစ်သိမ့်ပေးပါလိမ့်မယ်။
မင်း စိတ်ညစ်နေရင်
အဲဒီ ရင်ခွင်က..ပျော်ရွှင်အောင်လုပ်ပေးလိမ့်မယ်။
အဲဒီ ရင်ခွင်က…
မင်းအတွက် အင်အားတွေ မွေးထုတ်ပေးမယ့် နေရာတစ်ခု
အဲဒီ ရင်ခွင်က…
မင်းအတွက် အသက်ရှင်နေတဲ့ ရင်ခွင်တစ်စုံပါ
အဲဒီ ရင်ခွင်ထဲမှာတော့…
မင်းကို ချစ်တဲ့ အချစ်တစ်ခုပဲရှိတယ်။”

ကျွန်တော် နဲ့ သူမ အပြင်မှာ ဆုံတွေ့ခွင့် ရမယ့်နေ့လေးမှာတော့ …ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးငှက်လေးတွေရဲ့ သံပြိုင်ဆုတောင်းလေးတွေ နဲ့ သာယာလှပနေပါလိမ့်မယ်။

“ယနေ့မှ စ၍ ကြင်သူနှစ်ဦးအပေါ်တွင် ဘုရားသခင် ကောင်းချီးပေးပါစေ”

မှတ်ချက်။ ။ သူမ ကျွန်တော့်ကို ဂျီတော့ အပ်ရခြင်းမှာ သူမ ညီမက ကျွန်တော့် အကောင့်ထဲမှာ ရှိနေလို့ ဘယ်လို သူလဲ ဆိုတာ Checking လိုက်ဖို့အတွက်ပါတဲ့။ (တော်တော်လေးကြာမှ သိခဲ့ရတာ ) ဇာတ်လမ်းရှည်မှာ ဆိုးလို့ ချစ်သူဘဝ အကြောင်းကို အတိုချုံးရေးလိုက်ပါတယ်။


AddThis Social Bookmark Button


လူရွှင်တော်

Wednesday, September 17, 2008

သူ့နာမည်က ကိုချွန်တွန်း။ လူတွေ အားလုံးက သူ့နာမည်ရင်းကို မသိတော့ပဲ nick name ပဲ သိကြတယ်။ သူ့အလုပ်အကိုင်က ဇာတ်ပွဲ ကပွဲတွေ မှာ လူရွှင်တော်လိုက်လုပ်တယ်။ ချွန်တွန်းဆိုတာ သူ့ရဲ့ လူရွှင်တော် နာမည်လို့ ပြောရင်လည်း မမှားဘူးပေါ့။ မြို့လေးမှာ ရှားရှားပါးပါး လူရွှင်တော် ဆိုလို့ ကိုချွန်တွန်းတစ်ယောက်ပဲ ရှိလို့ သူ့ကို လူတွေအားလုံးက ချစ်ကြတယ်။ သူကလည်း လူရွှင်တော်ပီသစွာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့ အခါတိုင်း ဟာသလေးတွေ နှောနှောပြီး ပြောတတ်တော့ ကိုချွန်တွန်းပါတဲ့ စကားဝိုင်းတိုင်းက တဝါးဝါး တဟားဟားနဲ့ ပျော်စရာလေးတွေ ဖြစ်နေတော့တာပေါ့။

ကိုချွန်တွန်းက လူပျိုတစ်ယောက် မဟုတ်ဘူး။ သူ့မှာ သားတစ်ယောက်ရှိတယ်။ ဇနီးလုပ်တဲ့ သူက မီးတွင်းထဲမှာပဲ ဆုံးသွားတော့ သူ့သားအတွက် သူကပဲ အမေ၊ သူကပဲ အဖေပေါ့။ လူရွှင်တော်ဆိုတော့ မြို့မှာ သိပ်နေရတယ် မရှိဘူး။ ဇာတ်ပွဲရှိတဲ့ မြို့ရွာတွေကိုလိုက်ပြီးကပြဖျော်ဖြေရတယ်။သားဖြစ်သူ လူမမယ် အရွယ်တုန်းကတော့ သူ့သားလေးကို ပြစ်ပြီး မသွားရက်တော့ မြို့ထဲမှာပဲ ရတဲ့ အလုပ်တွေကို ကြုံရာ ကျပန်းလုပ်ပြီး သားအဖနှစ်ယောက်အတွက် ဝမ်းစာရှာခဲ့ရတယ်။ သူ့သား ကြီးလာမှသာ သားဖြစ်သူကို အိမ်နီးနားချင်းတွေ ဆီမှာ အပ်ထားခဲ့ပြီး လူရွှင်တော် အလုပ်ကို တစ်ကျော့ပြန်လုပ်ခဲ့ရတယ်။

ကိုချွန်တွန်းက အတန်းပညာ မတတ်ခဲ့ပါဘူး။ ပညာမတတ်လို့ ဥစ္စာရှိလားဆိုတော့လည်း သားအဖနှစ်ယောက်နေဖို့အတွက် အိမ်လေး တစ်လုံးက လွဲပြီး ဘာမှ မရှိဘူး။ ဒါပေမဲ့ ကိုချွန်တွန်း စိတ်မညစ်သလို၊ ဝမ်းလည်းမနည်းခဲ့ဘူး။ သူ့မှာ ဘယ်သူနဲ့မှ မတူတဲ့ ဟာသ ဥာဏ်ရှိတယ်။ အခုလည်း သူ့ရဲ့မွေးရာပါ ပညာရပ်နဲ့ပဲ သူ့သားလေးကို ဆယ်တန်းအောင်,အောင်သင်ပေးနိုင်ခဲ့တယ်လေ။ကိုချွန်တွန်းက လူရွှင်တော် တစ်ယောက်ပီသစွာ လူများတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သလို၊သူကိုယ်တိုင်လည်းပျော်ပျော်နေတတ်တယ်။ ဘာကို မှ ဆုပ်ကိုင်မထားသလို၊ဘာမှလည်းမျှော်ကိုးမထားခဲ့ဘူး။အဲဒါတွေအားလုံးဟာ သူ့သားလေး မမွေးခင်ထိလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ဘာဖြစ်လို့လည်းဆိုတော့သူ့သားလေး ရလာပြီး ကတည်းက သူ့မှာ မျှော်လင့်ချက်ဆိုတာ ရှိလာခဲ့တယ်။ ရည်မှန်းချက်ဆိုတာပီပြင်လာခဲ့တယ်။ အဲဒါ သူ့သာကို အတန်းပညာတွေ တတ်တဲ့ ပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် လုပ်ပေးဖို့ပဲ။

ဒါပေမဲ့... သူ့သားကတော့ ကိုချွန်တွန်း လူရွှင်တော် အလုပ်လုပ်တဲ့အတွက် ဂုဏ်မယူခဲ့သလို၊သဘောလည်း မကျခဲ့ဘူး။ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေတဲ့ သူ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ ကြားမှာ ကိုယ့်အဖေက လူရွှင်တော်ပါလို့ ပြောရမှာကို သိမ်ငယ်တယ်လို့လည်း ခံစားရတယ်။

တက္ကသိုလ်ကျောင်းသား တစ်ယောက်အတွက် ကုန်ကြစရိတ်တွေ များလာတာနဲ့ အမျှ ကိုချွန်တွန်းရဲ့လူရွှင်တော် ကပြလို့ ရတဲ့ ဝင်ငွေလေးက မလောက်မင ဖြစ်လာခဲ့တယ်။ လူရွှင်တော် ဘဝဆိုတာလည်း ၁၂ရာသီလုံး ကပြဖျော်ဖြေနေရတာ မဟုတ်တော့ အားတဲ့ရက်တွေမှာ ကိုချွန်တွန်း ကြုံရာ ကျပန်းအလုပ် လုပ်ခဲ့တယ်။ သူ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ ပေါများတဲ့အတွက် အလုပ်ပေးမယ့် သူတွေ များတော့ အဆင်ပြေပါတယ်။ တစ်ခါတစ်လေ အရမ်းခင်တဲ့ မိတ်ဆွေတွေက သူတစ်ယောက်တည်း အလုပ်တွေလုပ်တာနဲ့ စာရင်၊သားအဖနှစ်ယောက် လုပ်မယ်ဆို ပိုပြီး အသက်ရှုချောင်တာပေါ့။သားလည်း အရွယ်ရောက်နေပြီပဲ။ ပေါ့ပေါ့ပါးပါး အလုပ်လေးတွေလုပ်ခိုင်းပါလားလို့ အကြံပေးမိရင်ကိုချွန်တွန်း ဘာပြန်ပြောသလဲဆိုတော့ "ကျုပ်သားက ပညာတတ်လေဗျာ. ခင်ဗျားတို့ ပြောတဲ့ ပေါ့ပေါ့ပါးပါး အလုပ်ဆိုတာလည်း သူများခိုင်းတာ လုပ်ပေးရတာပဲမလားဗျ။ ကျုပ်သားကသူများခိုင်းတာကိုလုပ်ဖို့အတွက် မဟုတ်ဘူး။ သူများတွေကို ဟောဒီလို ဟောဒီလို လက်ညှိုးထိုးပြီး ခိုင်းရမယ်သူဗျ.ဟဲ..ဟဲ""ပြီးတော့ဗျာ...လူရွှင်တော် တစ်ယောက်ဘဝမှာ မလုပ်တတ်တာမရှိသလို၊ မလုပ်နိုင်တာလည်း မရှိပါဘူး။ ကျုပ်သားတစ်ယောက် ပညာတတ်ဖြစ်ဖို့အတွက်တော့ ကျုပ်ကြိုးစားပေးနိုင်ပါတယ်"

လူတွေအားလုံး ကိုချွန်တွန်းရဲ့ မိဘ မေတ္တာကို နားလည်ပေးနိုင်ကြပေမဲ့ ၊ သူ့သားကိုတော့ နားလည်မပေးနိုင်ခဲ့ကြဘူး။ အခုဆိုရင် ကိုချွန်တွန်း အသက်က ၄၀ကျော်လို့ ၅၀နားကပ်နေပြီ။ ကိုချွန်တွန်းကလုပ်နိုင်ပါတယ် ဆိုပေမဲ့ ဇရာအရတော့ ပင်ပန်းလာတာ အမှန်ပဲလေ။ ဒါကို တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့ သူ့သားအတွက် မသိစရာ အကြောင်းမရှိပါဘူး။ သိသိကြီးနဲ့ ဥပေက္ခာ ပြုထားခြင်းပဲလား။

ကံကြမ္မာဆိုတာကလည်း အခက်သား။ ကံဆိုးမ သွားရာ ၊ မိုးက လိုက်ရွာတတ်သလို၊ အခုလည်း ကိုချွန်တွန်း အပေါ် ကျရောက်လာတယ်။ အဲနေ့က သားလုပ်သူ ကျောင်းပိတ်တုန်း အိမ်ပြန်လာပြီး သူငယ်ချင်းတွေ ဆီ အလည်သွားရင်း၊ သောက်ကြစားကြနဲ့ ညမိုးချုပ်တဲ့အထိ ပြန်မလာတော့ ကိုချွန်တွန်း မှာ သားပြန်အလာကို စောင့်မယ်ဆိုပြီး အိမ်အပြင်ဘက်က တန်းလျားလေးပေါ်မှာ အိပ်ရင်းစောင့်နေလိုက်တာ မနက်မိုးလင်းတော့ သူ့ခန္ဓာကိုယ် ညာဘက်အခြမ်းက လှုပ်လို့မရတော့ဘူး။ ကိုချွန်းတွန်း လေဖြတ်သွားတယ်။ ( အဲနေ့က သူ့စောင့်နေတဲ့ သားကတော့ သူငယ်ချင်းတွေ အိမ်မှာမူးပြီး အိပ်ပျော်နေခဲ့တယ် )

နီးစပ်ရာ ဆေးမြီးတိုတွေနဲ့ ကုပေမယ့်လည်း ဖြစ်ချိန်တန်လို့ ဖြစ်လာရတဲ့ ကိုချွန်တွန်းရဲ့ ရောဂါက ပျောက်မသွားခဲ့ဘူး။ ဖြစ်ခါစကလို အဆိုးကြီး မဟုတ်တော့ပဲ.. လမ်းလျှောက်လို့ရတယ် ဆိုပေမဲ့ညာဘက်ခြေထောက် တစ်ဘက်ကတော့ လမ်းလျှောက်ရင် တရွတ်တိုက် ဆွဲနေသလို၊ ညာဘက်လက်ကလည်း ဘေးမှာ တွဲလောင်း တွဲလောင်း ကျနေတယ်။

ကိုချွန်တွန်း ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ အသက်ရှင်နေသေး သရွေ့ သူ့သားကို ပညာတတ်အောင် သင်ပေးမယ်။ သူ့သား ကျောင်းပြီးဖို့ကလည်း တစ်နှစ်ပဲ ကျန်တော့တယ်လေ။ဘာဖြစ်လို့ သားကို ကျောင်းပြီးအောင် မထားနိုင်ရမှာလဲဆိုတဲ့ ဆုံးဖြတ်ချက်က ကိုချွန်တွန်းအတွက် အင်အားတွေ ဖြစ်စေခဲ့တယ်။ မနက်ကျ သားစိတ်နဲ့ တက်ကြွနေတဲ့ ကိုချွန်တွန်း တစ်ယောက် အရင်ကထက် ပိုပြီး လမ်းလျှောက်နိုင်ခဲ့တယ်။ စကားပြောရင်တော့ ဝူးဝါး ဝူးဝါးနဲ့ သိပ်မသဲကွဲဘူး။

နောက်ဆုံးနှစ်ကျောင်းသားကြီးကတော့ လေဖြတ်နေတဲ့ အဖေ့ ဝေယျဝစ္စတွေ လုပ်ပေးရမှာ ရှက်တဲ့စိတ်နဲ့ ကျောင်းဖွင့်ရင် စာတွေက ခက်တော့မှာမို့ ကြိုပြီး လေ့လာထားရမယ်ဆိုပြီး ကျောင်းကို ပြန်သွားခဲ့တယ်။ ကိုချွန်တွန်း...နားလည်ခဲ့ပါတယ်။ဒါပေမဲ့...သူကအဖေပဲလေ...ဘာပဲဖြစ်ဖြစ်မိဘဝတ္တရား

ကျေရမှာပေါ့။

နောက် မကြာခင်ရက်ပိုင်းအတွင်းမှာပဲ လူရွှင်တော် မလုပ်နိုင်တော့တဲ့ ကိုချွန်တွန်းကို ဘောလုံးကွင်း၊သဘောင်္ဆိပ်၊ရုပ်ရှင်ရုံနဲ့လူစည်ကားရာ နေရာတွေမှာ ကွမ်းယာဗန်းလေးကို လည်ပင်းမှာ ချိတ်ပြီးလိုက်လံ ရောင်းနေတာ တွေ့ခဲ့ရတယ်။

အရင်ကလို သွက်သွက်လက်လက် မလုပ်နိုင်တော့ပေမဲ့ ၊ မပျက်စီးသေးတဲ့ သူ့ခန္ဓာကိုယ် တစ်ပိုင်းကတော့ သားအတွက် တက်ကြွနေတုန်းပါပဲ။ ဝူးဝူး ဝါးဝါး အသံနဲ့တွဲလောင်းကျနေတဲ့ ညာဘက် လက်တစ်ဘက်က သူ့အတွက် ကပြဖျော်ဖြေစရာ ပစ္စည်းတွေများလား။

အရင် လူကောင်းပကတိ ဘဝမှာတောင် သားအတွက် ပိုက်ဆံကို အလုပ်မျိုးစုံလုပ်ပြီး ရှာခဲ့ရတာ။ အခုလို လူရွှင်တော်လည်း မလုပ်နိုင် ကျပန်းအလုပ်ကျလည်း အလုပ်မရွေးမလုပ်နိုင်တော့တဲ့ ကိုချွန်တွန်းအတွက် အရင်ကထက်ပိုပြီး ကြိုးစားခဲ့ရတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ ကွမ်းယာဗန်းလေး လည်ပင်းမှာ ဆွဲပြီး ထွက်၊ မြို့အနှံ့ (ကြိတ်ဝိုင်းတွေ ပါမကျန်) လိုက်လံရောင်းချပြီး။ ညကျတော့ ရုပ်ရှင်ရုံနဲ့ဗွီဒီယိုရုံတွေက သူ့အတွက် ပြောင်ူးးဖုတ်၊မြေပဲလှော် တို့ ရောင်းစရာနေရာတွေပေါ့။

ရွာက လူတွေကတော့ ကိုချွန်တွန်းရဲ့ မိဘမေတ္တာကို လေးစားသလို၊ ပင်ပန်းကြီးစွာ ပိုက်ဆံရှာနေရတဲ့ သူ့ကို သနားတဲ့အတွက် သူရောင်းသမျှတွေကို မစားချင်တာတောင် ဝယ်စားပေးခဲ့ကြတယ်။ပိုက်ဆံကို လုပ်နိုင်သလောက် ရှာ၊ ရှာနိုင်သမျှ စုနေတဲ့ ကိုချွန်တွန်းရဲ့ စားဝတ်နေရေးကလည်း အိမ်နီးနားချင်းတွေ တစ်ခါတစ်ရံပေးတတ်တဲ့ ထမင်းကြမ်းလေး တစ်ခဲ၊ဟင်းလေးတစ်ခွက်နဲ့ ပြီးခဲ့ရတဲ့ နေ့တွေ ရှိသလို၊ အပြင်မှာပဲ မုန့်လေးပဲလေး ဝယ်စားပြီး တင်းတိမ်ခဲ့ရတဲ့ နေ့တွေလေး မရေတွက်နိုင်ခဲ့ဘူး။ ဘေးလူတွေကတော့ ကိုချွန်တွန်း အတွက် တက်တစ်ခေါက်ခေါက်၊ အံတစ်ကြိတ်ကြိတ် ဖြစ်နေပေမဲ့ ကာယကံရှင် ကိုချွန်တွန်းကတော့ မကြာခင်မှာ ဘွဲ့ဝတ်စုံကြီးဝတ်ပြီး ပညာတတ်ကြီး ဖြစ်လာတော့မယ့် သူ့သားရဲ့ ရုပ်ပုံလွှာကို မြင်ယောင်ရင်း တက်ကြွနေခဲ့တယ်။

ဒါပေမဲ့ ကိုချွန်တွန်းတစ်ယောက် ဘွဲ့ဝတ်စုံကြီး ဝတ်ပြီး၊ ပညာတတ်ကြီး ဖြစ်သွားတဲ့ သူ့သားကို တွေ့ခွင့်မရလိုက်ရှာဘူး။ ပူပြင်းလှတဲ့ အညာနွေရဲ့ နေ့လယ်ခင်းတစ်ခုမှာ ကိုချွန်တွန်းကို လမ်းပေါ်မှာ လဲကျနေတာ တွေ့ခဲ့ရတယ်။ သူ့ဘေးမှာလည်း ကွမ်းယာဗန်းလေးထဲက အရာတွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတယ်။ကိုချွန်တွန်း ဦးနှောက်သွေးကြော ပြတ်သွားတာတဲ့။

အသက်နဲ့ရင်းပြီး သားကို ပညာတတ်ကြီး ဖြစ်အောင် သင်ပေးနိုင်ခဲ့တဲ့အတွက်တော့ ကိုချွန်တွန်း ကျေနပ်ခဲ့မယ် ထင်ပါတယ်။ ဖခင်တစ်ယောက်ရဲ့ အသက်နဲ့ ရင်းပြီး ရယူခဲ့ရတဲ့ ပညာအမွေကရော သားဖြစ်သူအတွက် တန်ခဲ့ရဲ့လား။


AddThis Social Bookmark Button


စုန်ရေ ဆန်ရေ

Tuesday, September 16, 2008

"အဖေကြီးရေ...ဒီမှာ သားသား အက်အက်တွေ ပါချလို့ အနှီးအသစ်လဲရအောင် ယူခဲ့ပေးပါတော်"
ရင်ခွင်ထဲမှာ တအီအီ ငိုနေတဲ့ သားကို ချော့ရင်း ဒေါ်မြတစ်ယောက် လင်တော်မောင်ကို လှမ်းပြောလိုက်တယ်။
"အေးအေး..လာပြီလာပြီ။၊ဒါနောက်ဆုံးတစ်ထည်ပဲနော် ။ အားလုံးက အပေတွေချည်းပဲ။ဒီနေ့တင်ကို နင့်သားသုံးတာ အနှီး၅ထည်ရှိနေပြီ"
"အင်းပါရှင်...ရှင်ကလည်း ကလေးပဲ ဘယ်သိဦးမှာလဲ။ ပါချင်ရင်ပါမှာပေါ့။ သား အိပ်ပျော် သွားရင် ပေနေတဲ့ အနှီးတွေ အားလုံး ကျွန်မ လျှော်မလို့ပါပဲ။ ကဲပါ..ရှင့်လက်ထဲက အနှီးပေး.ပေး"
ပြောပြောဆိုဆို ကိုလှလက်ထဲက အနှီးကို လှမ်းယူပြီး သားတော်မောင်ရဲ့ ပေကြံနေတဲ့ တင်ပါးကိုသုတ်သင်ပေးလိုက်တယ်။
"ဒါနဲ့ အမေကြီး .. ခုနကလည်း သားသား ရှုးတွေပေါက်ချလို့ အကျီ င်္တွေစိုနေတယ်ဆို သွားလဲလိုက်လေ"
"ရပါတယ်...မလဲတော့ပါဘူး။ကျွန်မသားက ကျွန်မ သူ့ကို ချစ်၊မချစ်သိချင်လို့ အချစ်စမ်းတာပါ။"
သားမောင်ရဲ့ ပါးပြင်ရဲရဲလေးကို မွှေးကြူရင်း ကိုလှကို ပြန်ပြောလိုက်တယ်။
"နော်..သားသားရယ် သားသားက မေမေ့ကို အချစ်စမ်းတာမလား။"
မိခင်တစ်ယောက်အတွက် သူ့သားရဲ့ရှုးနံ့ဆိုတာ ရေမွှေးတစ်မျိုးပါပဲလို့ ပြောများပြောတတ်ရင်ပြန်များပြောမလားမသိ။

နောင်နှစ်ပေါင်း ၃၀ ကြာသောအခါ
"သား"
ကုတင်ပေါ်မှာ ပက်လက်လေး လှန်အိပ်နေရာမှ အနားရောက်လာတဲ့ သားတော်မောင်ကိုတိုးတိုးလေးခေါ်လိုက်တယ်။
"ဘာလိုချင်လို့လဲ အမေ"
"အ..မေ..လေ ဘယ်လိုမှ မထိန်းနိုင်တော့လို့ အိပ်ရာပေါ်မှာပဲ ကျင်ငယ်စွန့်မိလို့ပါကွယ်"
"ဟာဗျာ...အမေတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ကိုယ့်ကိုကိုယ် သတိထားပါဆိုတာလည်း မရဘူး။နည်းနည်းလေးတော့ သတိလေးထားဦးမှပေါ့။ ကျွန်တော်တို့လည်း အားတာ မဟုတ်ဘူး။ ဘယ်လိုမှမထိန်းနိုင်တော့ဘူး ဆိုရင်လည်း အိမ်ဖော်ကောင်မလေးကို ခေါ်ပြီး အနားမှာချပေးထားတဲ့ ဆီးအိုးထဲထိ ရောက်အောင်တော့ လုပ်ပေါ့။"
"အေးပါ သားရယ်..နောက်ဆို အမေထိန်းပါ့မယ်။သားကို အလုပ်တွေ ပိုရှုပ်အောင်လုပ်မိတဲ့ အတွက် အမေတောင်းပန်ပါတယ်ကွယ်"
"မိတူးရေ...မိတူး...နင့်အမေကြီးအတွက် ထမီအဟောင်းတစ်ထည် ယူခဲ့စမ်းပါ။ ပြီးရင် တစ်ခါတည်းလဲပေးလိုက်နော်။ ဟုတ်ပြီလား"
အိမ်ဖော်ကောင်မလေးကို အော်ပြောရင်း ထွက်ခွာသွားတဲ့ သားတော်မောင်ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ... ။


AddThis Social Bookmark Button


တန်ဖိုးရှိသော ထို (၁၀) ရက်

Sunday, September 14, 2008

ဘာရေးလို့ ရေးရမယ်မသိ ၊ ဝမ်းစာ နည်းတဲ့ ကျွန်တော့် အတွက်တော့ မကြီးက တက်လိုက်တာ ရေးစရာ ပို့လေးတစ်ခု ရသွားတာပေါ့။့ နာမည်ကြီး မင်းသမီး မကြီး (မဝါ)ကိုယ်တိုင်က တက်တာဆိုတော့ ဂုဏ်တောင်ရှိသေး ...နှော်။

တက်လိုက်တဲ့ ခေါင်းစဉ်ကလည်း ကြည့်ဦး ... မသေခင် ၁၀ ရက် အလိုမှာ ဘာတွေလုပ်မလဲတဲ့။ မေးလည်း မေးတတ်ပလေ။ ဘယ်တော့သေမယ်ဆိုတာ မသိတာကို သေဖို့ ၁၀ရက်အလို ဆိုပြီး ကွက်တိကို မေးထားတယ်။ ခေါင်းစဉ်လေးရဲ့ သဘောကတော့သေမှာကို ကိုယ်က ကြိုသိတဲ့ အနေနဲ့ ရေးရမှာ ... ဆိုတော့ကာ ...


ကျွန်တော်သာ... သေဖို့ ၁၀ရက်ပဲလိုတော့တယ်လို့ သိခဲ့ရမယ်ဆိုရင်...
ပထမရက်
ကျွန်တော်ရောက်နေတဲ့ နေရာတစ်ခုကနေပြီး ဖေဖေ၊မေမေ ရှိတဲ့ အိမ်လေးကို ရောက်အောင် ပြန်သွားမယ်။မိဘတွေအပေါ်မှာ ကာယကံ၊ဝစီကံ၊မနောကံတစ်ခုခုနဲ့(မရည်ရွယ်ပဲ)ပြစ်မှား ဘူးခဲ့ရင် ခွင့်လွှတ်ပေးပါလို့ ကန်တော့တောင်းပန်မယ်။ပြီးရင်ဖေဖေ၊မေမေတို့ အနားမှာနေပြီး အတတ်နိုင်ဆုံး ပြုစုပေးမယ်။ ညအိပ်ရာဝင်တိုင်း ကန်တော့အိပ်မယ်(ကျွန်တော့်နောက်ဆုံး အချိန်ဆိုတာ မသိစေရပဲ )။

ဒုတိယရက်
ကျွန်တော့် ညီလေး၂ယောက်နဲ့ ညီမလေးတို့ လုပ်ချင်တာတွေအားလုံး လိုက်လုပ်ပေးမယ်။ ဆောင်းရာသီဖြစ်နေရင်တော့..ကျွန်တော်တို့ ညီအစ်ကိုတွေ ညတိုင်းကစားနေကျကြက်တောင်ရိုက်မယ်။ တစ်ယောက်တည်း လ္ဘက်ရည်ဆိုင်လေးမှာ သွားထိုင်ပြီး သောက်နေကျ လ္ဘက်ရည်လေးတစ်ခွက်ကို အချိန်ယူပြီး အေးအေးဆေးဆေးလေး မော့သောက်ရင်းနဲ့ စီးကရက်တစ်လိပ်ကို အားရပါးရ ရှိုက်ဖွာပြစ်မယ်။

တတိယရက်
ကျွန်တော့်မှာ ရှိတဲ့ ပိုက်ဆံတွေအားလုံးနဲ့ အဝတ်အစားတွေ အားလုံးကို မရှိဆင်းရဲသားတွေ လိုက်ပေးမယ်။ အကြွေးတွေ အားလုံး လိုက်ဆပ်မယ်။(ဆပ်လို့ရမယ့်အရာတွေ)

စတုတ္ထရက်
နဖူးပြင်လေးတစ်စုံကို တစ်ဝကြီး နမ်းရှိုက်ပြီး ကျောခိုင်းသွားမယ်။ သူငယ်ချင်းတွေ အားလုံးဆီ လိုက်လည်မယ်။ငယ်ငယ်က ကျောင်းပုန်းနေကျ မူကြိုကျောင်းလေးထဲမှာ သူငယ်ချင်းတွေနဲ့ Table Tenis ရိုက်မယ်။(လာဖမ်းမဲ့ ဆရာတွေ မရှိတော့ ရင်ခုန်စရာတော့ ကောင်းမယ် မထင်ဘူး)

ပဉ္စမရက်
သူတို့တွေနဲ့ သောင်ပြင်တစ်ခုပေါ်မှာ ဘောလုံးချိန်းကန်မယ်။( ခြေကုန်လက်ပန်း ကျတဲ့အထိ )။ ညမှာ ..သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေကျ လမ်းဆုံတစ်ခုရဲ့ ပလက်ဖောင်းပေါ်မှာ အပြင်းစားသီချင်းတွေ အော်ဆိုပြစ်မယ်။ နောက်ဆုံး ...ခင်ဝမ်းရဲ့" ကျွန်တော်သွားတော့မယ် " သီချင်းကို ပလက်ဖောင်းပေါ်မှာပက်လက်လန်အိပ်ပြီး ဆိုမယ်။( အဲဒီအချိန် ကောင်းကင်မှာ ကြယ်လေးတွေ ရှိနေရင်တော့ အရမ်းကောင်းမယ်)

ဆဌမရက်
တရားစခန်းဝင်မယ်။ တရားခွေတွေ နာမယ်။ စိတ်ကို တည်ငြိမ်အောင် ကြိုးစားမယ်။

သတ္ထမရက်
.........................................................................................................................

အဌမရက်
.........................................................................................................................

နဝမရက်
........................................................................................................................

ဒသမရက်
*တိုး.. တိတ် .. ငြင် .. သာ .. စွာ .. ပါ .. ပဲ*


အခုရေးပြီးမှ သေချာပြန်စဉ်းစားကြည့်မိတယ်။ ငါနေဖို့ ၁၀ရက်ပဲ လိုတော့တယ်လို့ သိလိုက်ရတော့ ငါ့အတွက် လုပ်စရာတွေက အများကြီးပါလား။ လုပ်ချင်တာတွေနဲ့ယှဉ်ကြည့်လိုက်တော့ လုပ်ခွင့်ရမယ့် အချိန်ဆိုတာလေးက တော်တော်လေးကို နည်းလွန်းနေတယ်လေ။ တစ်ခြား လုပ်စရာတွေ ဆိုတာကို ခဏဘေးမှာထားပြီး ကိုယ့်မိဘနှစ်ပါးနဲ့ အတူနေရဖို့၊ မိဘတွေကို ပြန်လည် ပြုစုဖို့ အတွက်တောင်မှ ငါ့အတွက် ၁၀ရက်လေးပဲ ရပါလား ဆိုတာ သိလိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ဒါတောင် မဝါက သဘောကောင်းပြီး ၁၀ရက် ကြိုသိခွင့်ပေးထားလို့။ တစ်ကယ်တမ်း အပြင်မှာတော့ ၁၀ရက် မပြောနဲ့ ၁ရက်ကလေးတောင်မှ သာမန်လူတစ်ယောက်အနေနဲ့ ကြိုတင်သိဖို့ဆိုတာ မလွယ်ဘူး။ တစ်ကယ်လည်း ကိုယ်ဘယ်နေ့သေမယ်ဆိုတာ ကို မသိလိုက်ရပဲဗြုန်းစားကြီးသာ သေသွားခဲ့မယ်ဆိုရင် ( ၁ရက်လေးတောင်မှ ) မိဘတွေကို ပြန်လည်ကျေးဇူးဆပ်ခွင့်မရတော့ပါလား ဆိုတဲ့ အသိက ...

အခု အသက်ရှင်နေတဲ့ အချိန်တိုင်းမှာ ကောင်းတာလေးတွေ လုပ်ပြီး၊ မိဘတွေရဲ့ ကျေးဇူးကို အတတ်နိုင်ဆုံး ဆပ်သွားမှ တော်ကာကျမယ်။ အခု ကျွန်တော်ရေးထားတယ်ဆိုတဲ့ ဆန္ဒတွေဆိုတာတောင် ဘာမှ မမာမကျန်းမဖြစ်ပဲ ၊ လူကောင်းပကတိကနေ ထွက်ခွာသွားရမယ့် အနေအထားမျိုးပါ။ မကျန်းမမာဖြစ်ပြီး ကုတင်ပေါ်မှာ လဲနေရမယ်။ ပြီးတော့ မနက်ဖြန်မှာပဲ ကျွန်တော် ထွက်ခွာသွားရမယ်ဆိုရင်.....ကျွန်တော် ဘယ်လိုနေမလဲ??? ကိုယ့်ကိုကိုယ် ဘဝကူးကောင်းအောင်လုပ်ဖို့ တစ်ခုကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးပေါ့။???


AddThis Social Bookmark Button


ညီလေး ဖတ်ဖို့ (၂)

Saturday, September 13, 2008

ညီလေးရေ...မင်း အိမ်မှာ ဖေဖေနဲ့ ခဏခဏ စကားများကြတယ်ဆို။ ဘာ အဆင်မပြေတာတွေ ရှိနေလို့လဲ။ ဖေဖေက မင်းအပေါ်မှာ နေရာတကာလိုက်ပြီး တားဆီးပိတ်ပင်နေလို့လား။ ဖေဖေက အေးအေးနေတဲ့သူပါ။ ပြီးတော့ ယောကျာ်းလေးတွေ အကြောင်းလည်း သိသလို၊ နားလည်း နားလည်ပေးတတ်ပါတယ်။ ကိုကို့အထင်ပြောရရင်တော့မင်းအရင် တစ်နှစ် ကျောင်းမတက်လိုက်ရပဲ ပုတ်သွားတဲ့ အတွက် ဖေဖေ အရမ်းစိုးရိမ်သွားတယ် ထင်တယ်။ မင်းကိုလည်း အကြီးနှစ်ယောက်လို ဖြစ်စေချင်တဲ့ စိတ်၊တော်စေချင် တတ်စေချင်တဲ့ စိတ်တွေကြောင့် ညီလေး ဘာပဲလုပ်လုပ် အားမရနေတာဖြစ်မှာပါ။ဒီလိုပဲ ညီလေးရ မိဘဆိုတာ သားသမီးတိုင်းကို အမြင့်ဆုံးဆိုတာတွေ ပဲ ဖြစ်စေချင်ကြတာ၊ ပြောရရင် မိဘတိုင်းက သားသမီးတွေနဲ့ ပက်သက်လာရင် အရမ်းလောဘကြီးတာပေါ့ကွာ။ အဲဒါတော့ သူတို့မှာ အပြစ်မရှိဘူးကွ။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်ကိုတိုင်မွေးထုတ်ထားတဲ့ သားသမီး မပြောနဲ့၊ ကိုကိုတောင်မှ မင်းကို အမြင့်ကြီးထိ ဖြစ်စေချင်တာဆိုတော့ ဖေဖေ၊မေမေတို့ မျှော်လင့်တယ်ဆိုတာ သဘာဝ ကျပါတယ်။အဲဒါကိုတော့ညီလေး နားလည်ပေးစေချင်တယ်။ နောက်တစ်ခု ကိုကို တွေးကြည့်ရသလောက် မင်းဖေဖေ့ကို အမြင်မကြည်တာလေးတွေ ရှိမယ်ထင်တယ်။ ဖေဖေကိုယ်တိုင် ပညာမတတ်ခဲ့ပေမဲ့ မင်းကို ပညာတတ်ဖြစ်စေချင်လို့ ပြောဆို၊ဆုံးမနေတယ်ဆိုတာ နားလည်ပေးပါ။သားတစ်ယောက်ကို ဘယ်လို ပြောရမယ် ၊ ဘယ်လိုဆုံးမရမယ်ဆိုတာ ဖေဖေ မသိခဲ့တဲ့အတွက်လည်း မင်းကို ဆုံးမတဲ့ စကားလုံးတွေ မှားချင်မှားနေလိမ့်မယ်။ ဒါပေမဲ့ ဖေဖေ့ရင်ထဲက စေတနာမမှားဘူးဆိုတာ တစ်ချိန်ကျ မင်းနားလည်လာမှာပါ။ နောက်တစ်ခုကအိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ မိသားစုကို ချမ်းချမ်းသာသာ မထားပေးနိုင်တာ၊စီးပွားမရှာပေးနိုင်တာအတွက်လည်း မင်းဖေဖေ့ကို ပြစ်မှားမယ်ဆို မင်း အများကြီးမှားသွားလိမ့်မယ်။ ဟုတ်ပါတယ် ... ဖေဖေက ကိုကိုတို့ မိသားစုကို ချမ်းသာအောင် စီးပွားမရှာပေးနိုင်ဘူးဆိုတာ ဒါပေမဲ့ ကိုကိုတို့အတွက် အကြင်နာတွေပေးခဲ့တယ်။ ဘယ်တုန်းကများ ကိုကိုတို့ကို ရိုက်ခဲ့ဘူးသလဲ။ ညီလေးတို့ အရွယ်မှာ ဝတ်ချင်၊စားချင်တာ မှန်ပါတယ်။ မိဘဆိုတာတော့ ကိုယ့်သားသမီးကို အကောင်းဆုံးတွေချည်း ဆင်ပေးချင်တဲ့ သူတွေချည်းပါပဲ။ကိုကိုတို့ မိသားစုအတွက် ဖေဖေအလုပ်လုပ်ခဲ့တာတွေ အကြောင်းကိုကိုကို မှတ်မိသလောက်ပြောပြချင်တယ်။ ကိုကိုတို့ ငယ်ငယ်က... ဖက်စပ်တစ်ခုမှာဖေဖေ အလုပ်ဝင်လုပ်ခဲ့တယ်။ ဖက်စပ်တွေ မရှိတော့တဲ့ အချိန်ကျ ဦးလေးတစ်ယောက်ဆီမှာ အလုပ်ဝင်လုပ်ခဲ့ပြန်တယ်။ အခြားမြို့မှာ သွားအလုပ်လုပ်နေရပေမဲ့ နီးနီးလေးဆိုတော့ တစ်ပတ်တစ်ခါလောက် အိမ်ကို ဖေဖေ ပြန်ပြန်လာတတ်တယ်။ ဖေဖေ ပြန်လာ တိုင်း ကိုကို့တို့အတွက် အင်္ကျီ၊ မုန့်၊ကစားစရာ လေးတွေ ပါပါလာမြဲမို့ဖေဖေ့ကို အသာလေး အလုပ်လုပ်ပြီး ပိုက်ဆံတွေအများကြီးရခဲ့တာလို့ ထင်ခဲ့မိပေမယ့် တကယ်တမ်းကျတော့ အလုပ်ကြမ်း အလုပ်ကို ( ကျွဲပုခုံး ) ထအောင် လုပ်ခဲ့ရတာလေ။ကိုယ်ကိုကိုယ်တော့ ပင်ပန်းအောင်လုပ်ပြီး မစားမသောက်နဲ့ သားသမီးတွေကိုတော့ လှအောင်ဆင်၊ဝအောင် ကျွေးခဲ့တာပါ။ ဖေဖေ့မှာ ဥာဏစွမ်းအားမရှိခဲ့တဲ့အတွက် ကာယစွမ်းအားသုံးပြီး ရှာဖွေခဲ့ရတယ်။စက်ဘီးတစ်စင်းနောက်မှာ ငပိ၊ငခြောက်၊အဝတ်အစားတွေတင်ပြီး ရွာတွေကို သွားရောင်းခဲ့ရသေးတယ်။ သီးနှံပေါ်ချိန်ကျ ပြန်သွားပြီး ပိုက်ဆံ၊ဂျုံ၊နှမ်းစတာတွေ ကို အဝတ်အထည်တွေ အစား ပြန်ကောက်လာပြီး မြို့ ကျမှပြန်ရောင်းပေါ့။မင်းမွေးလာပြီးတဲ့ နောက်ပိုင်းမှာလည်း ဦးလေးတစ်ယောက် ရဲ့ ကားမှာ ကိုယ်စားလှယ်ဆိုပြီး လိုက်ခဲ့သေးတယ်။ နောက် သစ်လုပ်ငန်းတွေ လုပ်ကောင်းတယ်ဆိုတော့လည်းသစ်လုပ်ငန်းဆိုတာကို လုပ်လိုက်ပြန်ရော။ အလုပ်ဆိုတာလည်း လုပ်တိုင်းတော့ ဘယ်အောင်မြင်နိုင်မလဲကွာ။ ဖေဖေက ရိုးတယ်၊အေးတယ်၊အားနာတတ်တယ်။ဖေဖေနဲ့တူတူလုပ်ခဲ့တဲ့ သူတွေက အခုဆို ချမ်းသာနေကြပြီး ဖေဖေကျ မချမ်းသာဘူးဆိုပြီး မင်းစိတ်ထဲမှာ ဘဝင်မကျမဖြစ်ပါနဲ့ကွာ။ ရိုးသားတဲ့ ဖေဖေ့အတွက် မင်းဂုဏ်ယူလိုက်စမ်းပါ။ပြီးတော့ ... အလုပ်တစ်ခုကို အရိပ်လေးအောက်မှာ ချွေးမထွက်ရပဲ ပိုက်ဆံတွေ အများကြီး ချမ်းသာနေတဲ့ သူတွေရဲ့ သားသမီးတွေထက် ပညာမရှိလို့ ကာယအားကိုးနဲ့အလုပ်မျိုးစုံကို နဖူးက ချွေး၊ ခြေမကျအောင် လုပ်ပြီး ဆင်းရဲရတဲ့ မင်းအဖေရဲ့ သားဖြစ်ရတာ မိဘမေတ္တာကို ပိုခံစားလို့ ကောင်းပါတယ်။ ချမ်းသာတာ မချမ်းသာတာတော့ကံတရားပေါ့။ ဒါကြောင့်...ဖေဖေ၊မေမေ တို့က သူတို့တွေ ပညာမတတ်ခဲ့လို့ ၊အခုလိုပင်ပန်းရလို့၊ ကိုကိုတို့ အားလုံးကို ပညာတတ်ကြီးတွေ ဖြစ်အောင် သင်ပေးခဲ့တာပေါ့။ဖေဖေနဲ့မေမေ တာဝန်ကျေပါတယ်ကွာ။ အခုလောက်ပြောရင် မင်းလည်း နားလည်မယ်လို့ ကိုကို ထင်ပါတယ်။မင်းကို သားလိမ္မာတစ်ယောက် မဟုတ်ခဲ့ရင်တောင်၊ သားတစ်ယောက် ပီသစေချင်တယ်။
ကိုကို

AddThis Social Bookmark Button


ညီလေး ဖတ်ဖို့ ( ၁ )

Wednesday, September 10, 2008

ညီလေးရေ...အခုဆို မင်း ၁၀ တန်းအောင်တာ ၂ နှစ်ရှိသွားပြီနော်။ ပထမနှစ် မတက်လိုက်ရလို့ တစ်နှစ်ပုတ်သွားတဲ့အတွက်တော့ အချိန်တွေ နှမျောမိတယ်။ အင်း...ဒီနှစ်တော့ မင်းက တက္ကသိုလ်တက်ဖို့ အားလုံး အဆင်သင့်ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသား လောင်းကြီးဆိုရင်လည်း မမှားဘူးပေါ့ကွာ။ မင်းအတွက် ဂုဏ်ယူပါတယ် ညီလေး။

အခု အိမ်မှာ မင်းက မိဘတွေ ပြောတဲ့စကားဆို နားမထောင်ဘူး။ ပြန်ပြန်ပြောတယ်လို့ ကိုကို ကြားနေရတယ်။ အဲအတွက်တော့ ကိုကို စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုကို သိထားတဲ့ ကိုကို့ညီလေးက ဟိုး...ငယ်ငယ်လေးကတည်းက လိမ္မာတယ်။ မိဘ စကားဆိုလည်း နားထောင်တတ်တဲ့ သူတစ်ယောက်ပဲ။ ဘာဖြစ်လို့ အခုလိုပြောင်းလဲသွားတာလည်း ဆိုပြီး ကိုကို စဉ်းစားကြည့်တယ်။ မင်းတို့ အရွယ်တုန်းကကိုကို လုပ်ခဲ့တာ ၊ တွေးခဲ့တာတွေ နဲ့ ပြန်ယှဉ်ပြီး စဉ်းစားကြည့်တော့ တိကျတဲ့ အဖြေမဟုတ်ပေမဲ့ အနီးစပ်ဆုံး အဖြေတော့ ရခဲ့ပါတယ်။ ညီလေးတို့ အရွယ် အထူးသဖြင့် ၁၀တန်း ဆိုတဲ့ ဘဝရဲ့ မှတ်တိုင်တစ်ခု ကို ကျော်လွားပြီးတဲ့ လူငယ်တိုင်းမှာ ဖြစ်တတ်တဲ့သဘော သဘာဝလေးတွေကို သတိထားမိတယ်။ ၁၆ နှစ် ပတ်ဝန်းကျင် လူငယ်တိုင်းဟာ ကိုယ့်ကိုကိုယ့် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး ကိုယ့်အားကိုယ် ကိုးချင်လာတယ်။ကိုယ့်ကိုကိုယ် ဟီးရိုးတစ်ယောက်လို့ ခံယူလာတတ်တယ်။"ငါလည်းအခု အရွယ်ရောက်နေ ပြီ။ အမှား ၊ အမှန်ကို ကိုယ့်ဘာသာ ဝေဖန်ပိုင်းခြားနိုင်နေပါပြီ" ဆိုတဲ့ အသိစိတ်က အမြင်မတော်လို့ ဆုံးမလာတဲ့ မိဘတွေရဲ့ စကားကို ဖီဆန်ဖို့ အစပျိုးလာတယ်လို့ ကိုကိုထင်တယ်။ ညီလေးကို အပြစ်ရှိတယ်လို့ ကိုကိုမပြောပါဘူး။ ကိုကို ကိုယ်တိုင်လည်း ညီလေး အရွယ်တုန်းက ကိုယ်လုပ်တာမှ အမှန်၊ ဒီအသက်အရွယ် ရောက်လာပြီးတဲ့လူငယ်တစ်ယောက် အနေနဲ့ ဘယ်ဟာက လုပ်သင့်တယ်၊ မလုပ်သင့်ဘူး။ ဘယ်ဟာကမှားတယ်၊ မှန်တယ် ဆိုတာ ခွဲခြားနိုင်ပြီ။ ကိုယ့်လုပ်ရပ်ကို အမြင်မတော်လို့ မှားနေတယ်ထင်လို့ ပြောလာတဲ့ လူကြီးမိဘတွေကို နေရာတကာလိုက်ချုပ်ချယ်တယ်။ အဲလောက်တော့ ငါလည်း စဉ်းစားတတ်ပါတယ် ဆိုပြီး မဟုတ်မခံ ချင်တဲ့ စိတ်က လူကြီးတွေကိုအရွဲ့တိုက်ချင်လာတယ်။ မိဘတွေ ရှေ့မှာဆို တမင်ကိုပဲ ဆန့်ကျင်ဘက်တွေလုပ်ပြတယ်။ အခု ကိုကို က အဲအရွယ်တွေကို ကျော်လွန်ပြီး တဖြည်းဖြည်း အသက်ကြီးလာတာနဲ့ အမျှ အရင်ကထက် ပိုပြီး စဉ်းစားတတ်လာသလို ၊ အဲတုန်းက ကိုယ်လုပ်ခဲ့တာတွေကို ပြန်စဉ်းစားမိရင်လည်း .အော် အရင်က ကိုယ့်ကိုကိုယ် လူကြီးဖြစ်ပြီလို့ သတ်မှတ်ထားတဲ့ အသက်အရွယ်တစ်ခုက အခု ငါ့အသက်အရွယ်နဲ့ ပြန်စဉ်းစားကြည့်လိုက်တော့လည်း တစ်ကယ့်ကလေးတစ်ယောက်ပဲရှိပါသေးလားလို့ စဉ်းစားမိပြီး၊အဲအချိန်ကဆုံးမခဲ့တဲ့ မိဘတွေ အပေါ်ကိုလည်း ပိုပြီး နားလည်တတ်လာတယ်။ ညီလေးအနေနဲ့ အခု ကိုကိုပြောတာတွေကို နားလည်ရင်မှ နားလည်ဦးမယ်။ အသက်အရွယ်နဲ့အတွေ့အကြုံတွေက ညီလေးကို သင်ပေးသွားမှာပါ။ဒါဆို ဘာဖြစ်လို့ အခုပြောနေတာလည်းဆို
တော့အမှားကို အမှားမှန်း မသိခင်မှာ အမှားတွေ လုပ်ပြီး ဘဝနွံထဲမှာ ညီလေးကို နစ်မသွားစေချင်လို့ပါ။ ညီလေးတို့ အရွယ်က ရင်ခုန်တတ်စ အရွယ်၊ အချစ်သူရဲကောင်း တစ်ယောက်ဖြစ်ရတာ ကို ဂုဏ်ယူတတ်တဲ့ အရွယ်မှာ စောစောစီးစီး ပညာမစုံခင်မှာ အိမ်ထောင်ကျသွားတာမျိုးလည်း မဖြစ်စေချင်ဘူး။ မင်း ဘဝမှာ အများကြီး ဖြတ်သန်းဖို့ကျန်ပါသေးတယ် ။ အခုမှ မင်းက ဘဝပြေးလမ်းပေါ်ကို ခြေစချတဲ့သူလေးပါ။ဘဝပြေးလမ်းပေါ် ခြေချနိုင်ယုံနဲ့ လူဖြစ်ပြီလို့ မသတ်မှတ်နိုင်သလို ပန်းတိုင်လည်းမရောက်သေးဘူး။မင်းကို ကိုကို၊ ညီညီတို့ထက် ပိုပြီး တော်စေချင်တယ်။ ကိုကို့ထက် ညီညီ ပိုတော်သလို ညီ့ညီ့ထက်လည်း မင်းကို ပိုပြီး တော်စေချင်တယ်။တတ်စေချင်တယ်။အဖေ့ထက်သား ပိုတော် သလို၊ အကိုထက် ညီက ပိုတော့မှ အဲဒီ မိသားစု၊ အဲဒီ အသိုင်းအဝိုင်းက ပိုပိုပြီးမြင့်မားလာမှာပေါ့။ မင်းလည်းအရွယ်ရောက်နေပြီပဲကွာ။စဉ်းစားတတ်မှာပါ။ကိုကိုအခုပြောနေတာတွေအားလုံးက မင်းအပေါ်မှာ အကိုကြီးတစ်ယောက်အနေနဲ့ ဆရာကြီးလေသံနဲ့ ပြောနေတာ မဟုတ်သလို၊ မင်း မှားနေပါတယ်လို့ လည်း မဆိုလိုပါဘူး။ မင်းလည်း စဉ်းစားတွေးခေါ်တတ်နေပြီပဲ။ကိုကိုအခုပြောနေတာတွေအားလုံးကမင်းအတွက်
ဆိုတာမင်းနားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ညီလေးရဲ့ ကိုကို

AddThis Social Bookmark Button


Tag

Tuesday, September 2, 2008

တူမငယ်လေး Dream က တက်ထားပါတယ် ဦးစွမ်းရေ ဆိုတုန်းက ရမလားဆိုပြီး ရှိုင်း
နေသေးတယ်။ ဟင်...မရေးသေးဘူးလားလို့ မျက်ရည်လေး စမ်းတမ်း စမ်းတမ်းနဲ့ပြော
လာတော့ အော်..မဖြစ်သေးပါဘူး ဟဲ့..ဒီတစ်ခါ မရေးသေးရင် နောက်တစ်ခါ ဆို လမ်း
လယ်ခေါင် ခြေဆင်း၊ ခြေးချင်းပွတ်ပြီး ငိုရချည်ရဲ့ဆိုပြီးအပြေးအလွားရေးလိုက်ရတယ်။
အပြေးအလွား ရေးတယ်ဆိုပေမဲ့ ဖြစ်သလို ရေးထားတာတော့မဟုတ်ပါဘူး။ ဘယ်လို
ရေးရမယ်။ ဘာတွေရေးရမယ်ဆိုတာ သူများတွေ ဆီလိုက်ကြည့်ပြီးရေးခဲ့တာပါ။ကြည့်
တုန်းကတော့ အော်..ကိုယ့်အကြောင်းလေးတွေ ရေးပြရမှာပဲ အေးဆေးပါဆိုပြီး ထင်ခဲ့
တာ တစ်ကယ်လည်းရေးရော.အကြိုက်ဆုံးအရာကနေစပြီးထစ်နေတော့ပဲတစ်ယောက်
နဲ့ တစ်ယောက် တက်ကြ ၊သွားကြ၊လာကြနဲ့တစ်ကယ်ကိုပျော်စရာကြီးပါပဲဗျာ။ပြေးတမ်း
လိုက်တမ်း ကစားနေတာပါပဲ။ တူမငယ် Deamရေ...ဦးစွမ်းရေးပြီး သွားပြီဆိုတော့မငိုနဲ့
တော့နော် .. တစ်တစ် .အော် ငိုထားတာ နှပ်တွေကိုထွက်လို့ပါလားကွယ်ရှို့။သုတ်လိုက်
ပါဦးဗျာ အဟား.။

နာမည် - ကိုစွမ်း
ရင်းနှီးသူတွေကတော့ ဒီလိုခေါ်တယ် - စွမ်းကြီး
နေရာ - မိခင်ရင်ခွင်နဲ့ အဝေး
ဖုန်းဆက်ချင်ရင် - ဂဏန်းလေးတွေ နှိပ်လိုက်ပါ
အကြိုက်ဆုံး အရာ - အိမ်ခေါင်မိုးပေါ် ကျလာတဲ့ မိုးစက်လေးတွေ အသံကို နားထောင်ရင်း စောင်ခြုံလေးထဲမှာ ဝတ္တုဖတ်နေရတာ ( ကော်ဖီလေးတစ်ခွက်နဲ့ )
အကြိုက်ဆုံး စာအုပ် - ဖေမြင့်ရဲ့ "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း"
အရောင်ကတော့ - အပြာနု နဲ့ အေးချမ်းတဲ့ အရောင်နုလေးတွေကို ကြိုက်တယ်
အစားအစာ - လ္ဘက် အရမ်းကြိုက်တယ်။
သီချင်းကျတော့ - တိုက်ဆိုင်တာလေးတွေဆို ပိုခံစားလို့ကောင်းတယ်
ဘဝ စတိုင် အနေနဲ့ - စိတ်ထဲမှာ ရှင်းရှင်းလေး နေရတာမျိုးပါ
ဝါသနာ - ယောင်ခြောက်ဆယ်
အလိုချင်ဆုံးလက်ဆောင် - မရှိပါ
အချစ်ဆုံးတစ်ယောက် - ရှိပါတယ် ( မေမေ ) :P
အလေးစားဆုံးပုဂ္ဂိုလ် - လေးစားထိုက် သူမှန်သမျှ
အခင်ဆုံးသူငယ်ချင်း - အနားတွင် မရှိပါ
နားလည်ပေးနိုင်ဆုံးသူ - အများကြီးပါ
အမုန်းဆုံးသူကတော့ - မရှိပါဘူး။
ရင်အခုန်ဆုံးအချိန် - ခွေးလိုက်ဆွဲလို့ လွတ်အောင် ပြေးနေရတဲ့ အချိန်
အကြောက်ဆုံး - အထင်လွဲခံရမှာ
အပျော်ဆုံးအချိန် - ခရီးလမ်းမှာ ဒုက္ခအိုးကြီးလွယ်ထားရတုန်း ကားရပ်သွားချိန်။ :D
အမှတ်တရနေ့ - မန္တလေးတောင်ခြေမှာပေါ့ဗျာ ( ဆိုင်တွေ အများကြီးပဲလို့ ) :P
ဆုတောင်းတာတော့ - ပိုက်ဆံပြတ်နေချိန် အိမ်က ပိုက်ဆံအမြန် ရောက်ပါစေ။
အချစ်ဆိုတာ - ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ..အာ...ဟာ...... :D
အမုန်းဆိုတာ - မရှိကောင်းတဲ့ အရာတစ်ခု
အလွမ်းကတော့ - လူတိုင်းမှာ ရှိကြစမြဲပါပဲ
သံယောဇဉ် - ဘိန်းနဲ့တူတယ်. ( စွဲပြီးရင် ဖြတ်ဖို့ မလွယ်လို့ )
ဘဝ ဆိုတာ - ဘကုန်းရေဘ ဝလုံးရေဝ
သူငယ်ချင်း - ဒုက္ခရောက်ချိန်မှာ မမြင်ချင်ယောင်မဆောင်ပဲ ၊ မိမိရှိရာ ထည့်တိုးဝင်လာတတ်သူ
ချစ်သူဆိုတာ - ပါးစပ်နဲ့ဂစ်တာတီးပြီး သီချင်းဆိုပြရင်တောင် ပြုံးပြုံးလေးနားထောင်တတ်တယ်။
လက်ဆွဲဆောင်ပုဒ် - တော့ မရှိဘူး . ကြိုက်တဲ့ ဆောင်ပုဒ်တွေတော့ ရှိတယ်။
အပြောချင်ဆုံး စကားတစ်ခွန်း - with malice toward none, with charity for all.
ကိုယ့်ကိုကိုယ်တော့ - ငပျင်းလို့ ထင်တယ်။ :)

AddThis Social Bookmark Button


Design by Amanda @ Blogger Buster